မန္တလေး ၂ စက်တင်ဘာ
မန္တလေးတိုင်းဒေသကြီးအတွင်း ပထအကြိမ်အဖြစ် ဇူလိုင် ၂၅ ရက်မှ ဩဂုတ် ၁၄ ရက်အထိ ကပ်ထားကြေညာပေးခဲ့သည့် မဲစာရင်းများတွင် ပုံစံ-၃ ဖြင့် အမည်စာရင်းဖြည့်စွက်ရန် တောင်းဆိုသူများပြားခဲ့ခြင်းကြောင့် လက်ရှိ မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ဦးရေထက် တစ်သိန်းကျော် တိုးလာကြောင်း မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောကြားသည်။
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီးမှ မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် ၄၅၇၈၈၁၃ ဦး၏ အမည်စာရင်းကို ပထမအကြိမ်အဖြစ် ၂၁ ရက်ကြာ ကပ်ထားကြေညာခဲ့ရာတွင် လာရောက်ကြည့်ရှုသူ ၁၄၃၉၄၁၆ ဦးအနက် ပုံစံ-၃ ဖြင့်တောင်းဆိုသူ ၁၄၆၆၁၃ ဦး ပုံစံ-၄ ဖြင့် ကန့်ကွက်သူ ၃၄၈၉၈ ဦး၊ ပုံစံ(၄-ဂ) ဖြင့် ပြင်ဆင်သူ ၆၈၂၃၂ ဦး စုစုပေါင်း ၂၄၉၇၄၃ ဦးရှိခဲ့ပြီး ပုံစံ-၃ ဖြင့် လျှောက်ထားတောင်းဆိုသူ ပိုမိုများပြားခဲ့သည့်အတွက် လက်ရှိတွင် မဲဆန္ဒရှင်ဦးရေမှာ ၄၆၉၅၂၇၇ ဦးရှိရာ ပထမအကြိမ်ကြေညာပေးခဲ့သည့် မဲဆန္ဒရှင်ဦးရေထက် ၁၁၆၄၆၄ ဦး ပိုမိုများပြားလာသဖြင့် မဲရုံပေါင်း ၅၄၄၆ ရုံ တိုးချဲ့ဖွင့်လှစ်ရန် လျာထားကြောင်း သိရသည်။
“ပထမအကြိမ် မဲစာရင်းကြေညာပေးစဉ်မှာ နိုင်ငံတကာကို သွားရောက်လုပ်ကိုင်နေကြတဲ့ ပြည်သူတွေက ကိုဗစ်ရောဂါကြောင့် ပြန်လာကြတဲ့အပြင် တချို့ကလည်း ပထမအကြိမ် မဲစာရင်းကောက်ယူစဉ်ကတည်းက အမည်စာရင်းမပါခဲ့တာ ရှိပါတယ်။ ဒီလူတွေက မဲဆန္ဒရှင်စာရင်းမှာ ပါဝင်ချင်ကြတဲ့အတွက် ပုံစံ-၃ နဲ့ အမည်စာရင်း ဖြည့်စွက်တောင်းဆိုလာကြလို့ အခုလို တစ်သိန်းကျော် ပိုပြီးများလာတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ကော်မရှင်အနေနဲ့ ပထမအကြိမ်က မဲစာရင်းတွေရဲ့ ပြင်ဆင်ဖြည့်စွက်ခြင်းလုပ်ငန်းတွေကို ဩဂုတ် ၃၀ ရက်နေ့မှာ အပြီးဆောင်ရွက်ခဲ့ပြီးဖြစ်တဲ့အတွက် ဒုတိယအကြိမ် မဲစာရင်းကြေညာဖို့ အဆင်သင့်ဖြစ်နေပါပြီ။ စက်တင်ဘာ တတိယပတ်လောက်မှာ မဲစာရင်းတွေ ကပ်ထားကြေညာပေးနိုင်မယ်လို့ မျှော်မှန်းထားပေမယ့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာမယ့်ရက်ကို ညွှန်ကြားပေးမှာပါ။ ဒုတိယအကြိမ် မဲစာရင်းကြေညာလို့ ၁၄ ရက် ကပ်ထားရင်လည်း လာရောက်ကြည့်ရှုပြီး ပြင်ဆင်ခွင့်ပေးထားပါတယ်။ အဲဒီအချိန်မှာလည်း ထပ်ပြီး အစုလိုက်အပြုံလိုက် ကျန်ခဲ့လို့ရှိရင် ရွေးကောက်ပွဲကျင်းပဖို့ ၇ ရက်အလိုအထိ သက်ဆိုင်ရာ ခရိုင်ကော်မရှင်ရုံးတွေမှာ နောက်ဆက်တွဲ မဲစာရင်းအနေနဲ့ ပြင်ဆင်တောင်းဆိုခွင့်ရှိပါတယ်။ မဲဆန္ဒရှင် ပြည်သူတွေအနေနဲ့လည်း မဲစာရင်းကို လာရောက်ကြည့်ရှုစစ်ဆေးပြီး ကိုယ်စားလှယ်လောင်းတွေကို မိမိကိုယ်တိုင် ရွေးချယ်ပေးရမှာဖြစ်တဲ့အတွက် မပျက်မကွက် မဲပေးကြဖို့ တိုက်တွန်းလိုပါတယ်” ဟု ၎င်းက ပြောသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း လွှတ်တော်သုံးရပ်နှင့် ရှမ်းတိုင်းရင်းသား မဲဆန္ဒနယ်တစ်ရပ် စုစုပေါင်း မဲဆန္ဒနယ် ၉၅ နယ်မြေတွင် နိုင်ငံရေးပါတီအသီးအသီးနှင့် တစ်သီးပုဂ္ဂလတို့မှ ဝင်ရောက်ယှဉ်ပြိုင်အရွေးခံမည့် ကိုယ်စားလှယ်လောင်း ၅၄၁ ဦး၏ အမည်စာရင်းများကို ဩဂုတ် ၃၀ ရက်က ထုတ်ပြန်ကြေညာထားပြီး ဖြစ်ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


