နေပြည်တော် ၂ စက်တင်ဘာ
ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် - CMRS ဖြင့် သတင်းပေးပို့ချက်အရ ဩဂုတ် ၃၀ ရက်နှင့် ၃၁ ရက်အတွင်း သစ်တောဦးစီးဌာနမှဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အင်းတော်မြို့နယ်၊ ပြင်တဲကြိုးဝိုင်းအကွက် အမှတ် (၃)အတွင်း နေရာများမှ တရားမဝင်ကျွန်းသစ်/ ခွဲသား (၁၂)တန်၊ မင်းကင်းမြို့နယ်၊ ချင်းတွင်းမြစ်အတွင်းနှင့် ချင်းတွင်းမြစ်ဘေးမှ တရားမဝင်ကျွန်း/ အင်/ သတီ/ သပြေ/ ထောက်ကြံ့၊ ကညစ်သစ်၊ လုံးပတ်(၃)ပေအောက် ပျဉ်းကတိုး/ သစ်ယာ/ အင်သစ်များ စုစုပေါင်း တရားမဝင်သစ် (၃၄)တန်၊ သစ်စက်အင်ဂျင်(၂)လုံးနှင့် တာယာဘီးတပ်လှည်း(၂)စီး၊ ကလေးဝမြို့နယ်၊ မြို့မကျေးရွာနှင့် မှန်ကုန်းကျေးရွာအနီးမှ တရားမဝင်အင်ခွဲသား (၁၄)တန်၊ မံစီမြို့နယ် ဟန်ထက်-မံကျေးရွာ သွားလမ်းဘေးတွင် ယာဉ်အမှတ်၊ 2G/1707 စူပါကာစတန်ယာဉ်ပေါ်မှ တရားမဝင် ကျွန်းခွဲသား (၁)တန်အား ဖမ်းဆီးရမိခဲ့သည်။
ထို့အပြင် ရေစကြိုမြို့နယ်၊ အမှတ်(၆) ရပ်ကွက်၊ ဦးဌေးမြိုင်ပိုင် အိမ်ခြံဝန်းအတွင်းမှ တရားမဝင်သစ်စက် (၁)လုံးနှင့် တရားမဝင်သစ်မျိုးစုံ တန်(၅၀) ခန့်နှင့်အတူ တရားခံ(၁)ဦး၊ ရေဖြူမြို့နယ်၊ မလွှဲတောင် စုပေါင်းစစ်ဆေးရေးစခန်းမှ (၆)ဘီးယာဉ်အား စစ်ဆေးခဲ့ရာ ယာဉ်ပေါ်တွင် တရားမဝင်ပိတောက် သစ်ခွဲသား (၁၀)တန်နှင့်အတူ တရားခံ(၁)ဦးတို့အား ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း သစ်တော်ဦးစီးဌာနမှ သိရသည်။
ညီညီသန်း (နေပြည်တော်)


