ငါ့သရောက် ၂  စက်တင်ဘာ

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ ဆည်ကျေးရွာရှိ ဒေသခံတောင်သူများ မိုးဦးမိုးဖြင့် စိုက်ပျိုးထားသည့် မြေပဲစိုက်ခင်းများတွင် ရွက်လိပ်ရွက်ကပ်ပိုးများ ကျရောက်နေကြောင်း ဒေသခံတောင်သူများ၏ သတင်းပေးချက်အရ စက်တင်ဘာ ၂ ရက် နံနက် ၈ နာရီခွဲက ညောင်ဦးခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင် (မြေ၊ မျိုး၊ ပိုး) တာဝန်ခံဝန်ထမ်းများအဖွဲ့က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ညောင်ဦးခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်သီးနှံပိုးမွှားတာဝန်ခံ ဒေါ်ခင်သန်းမြင့်၊ ခရိုင်မြေအသုံးချရေးတာဝန်ခံ ဒေါ်စန်းစန်းဝေနှင့် ခရိုင်မျိုးစေ့တာဝန်ခံ ဒေါ်ကြည်ကြည်ဆွေနှင့် ဝန်ထမ်းများအဖွဲ့က ဆည်ကျေးရွာမှ ဒေသခံတောင်သူ ဦးစံအောင် အပါအဝင် တောင်သူ(၇)၏ ရွက်လိပ်ရွက်ကပ်ပိုး ကျရောက်သော မိုးမြေပဲ စိုက်ခင်းများသို့ သွားရောက်ကာ ရောဂါပိုးကျရောက်နေမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ပိုးမွှားကင်းထောက် မှတ်တမ်းများ ကောက်ယူခြင်း၊ သီးနှံအထွက်နှုန်း ကောင်းမွန်ရေးနှင့် မျိုးကောင်းမျိုးသန့်ရရှိရေး မျိုးကွဲနုတ်ပယ်ခြင်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

 

ထို့နောက် ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ မိုးမြေပဲစိုက်ခင်းများတွင် ကျရောက်နေသော ရွက်လိပ်ရွက်ကပ်ပိုးများနှင့် ပက်သက်ပြီး ကာကွယ်နှိမ်နင်းရမည့် နည်းလမ်းများ၊ မြေပဲခင်းများတွင် ကျရောက်လေ့ရှိသော ဖြုတ်ပိုးရောဂါ ကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများအကြောင်းကို အသိပညာပေး ရှင်းလင်းဆွေးနွေး ဟောပြောပြီး သီးနှံပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

ရဲဝင်းနိုင် (ညောင်ဦး)