မန္တလေး ၂ စက်တင်ဘာ
မန္တလေးတိုင်းဒေသကြီးအတွက် ၂၀၂၀ ပြည့်နှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ စတင်ထုတ်ချေးပေးသည့် မေလ ၁၅ ရက်နေ့မှ လက်ရှိအချိန်ထိ ကျပ် ၁၂၆ ဒသမ ၈၀ ဘီလီယံ ထုတ်ချေးထားပြီးဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မြန်မာလယ်ယာ ဖွံ့ဖြိုးရေးဘဏ် စာရင်းများအရ သိရသည်။
မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ၁၆၁ ဒသမ ၆၂ ဘီလီယံ ထုတ်ချေးပေးရန် လျာထားခဲ့ရာ ၁၂၆ ဒသမ ၈၀ ဘီလီယံ ထုတ်ချေးထားပြီးဖြစ်ကြောင်း သိရသည်။
“တောင်သူတွေအနေနဲ့ တာ၀န်ကျေကျေပေးဆပ်ဖို့ပေါ့။ အရင်ကချေးတာက လယ်စိုက်စရိတ်ပဲချေးတာ။ အခုက ကိုဗစ်ချေးငွေပါ ချေးပေးတဲ့အတွက် လယ်သမားအနေနဲ့ တာ၀န်ကျေကျေပေးဆပ်ပြီးတော့ နောက်ထပ်ထုတ်ချေးပေးတဲ့ ချေးငွေတွေကိုလည်း ထုတ်ချေးပြီး စိုက်ပျိုးစရိတ်အတွက် အကျိုးရှိစွာအသုံးချကြပါ”ဟု မန္တလေးတိုင်းဒေသကြီး မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဒေါ်ယဉ်နွဲ့က ပြောသည်။
၂၀၁၉ ခုနှစ်အတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ကျပ် ၁၄၇ ဒသမ ၅၆ ဘီလီယံ ထုတ်ချေးပေးထားရာ ကျပ် ၁၄၄ ဒသမ ၅၅ ဘီလီယံ ကောက်ခံရရှိထားပြီးဖြစ်ကြောင်း သိရသည်။
စိုက်ပျိုးစရိတ်ချေးငွေနှင့် ကိုဗစ်အထူးချေးငွေကို စက်တင်ဘာလကုန်ထိ ထုတ်ချေးရန် သတ်မှတ်ထားသော်လည်း နှစ်ကုန်ဘတ်ဂျက်ပိတ်လုပ်ငန်းများ လုပ်ဆောင်ရန်ရှိနေသဖြင့် စက်တင်ဘာ ၁၅ ရက်နေ့ နောက်ဆုံးထား ထုတ်ချေးပေရန်နှင့် ၂၀၁၉ မိုးရာသီချေးငွေကြွေးကျန်များ ကောက်ရန် စီမံရခြင်းဖြစ်ကြောင်း သိရသည်။
မေသက်ထား


