၂ စက်တင်ဘာ
၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၃) ကို စက်တင်ဘာ ၃၊ ၄ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး ဇယားထိပ်ပိုင်းမှ အသင်းအများစုသည် ချန်ပီယံမျှော်လင့်ချက်အတွက် ထိပ်တိုက်မတွေ့ဆုံမီ အမှတ်ဆက်လက်ရှာဖွေရမည် ဖြစ်သည်။
ပွဲစဉ် (၁၃) အဖြစ် စက်တင်ဘာ ၃ ရက်တွင် သုဝဏ္ဏကွင်း၌ အားကာသိပ္ပံအသင်းနှင့် ရတနာပုံအသင်း၊ YUSC ကွင်း၌ Southern အသင်းနှင့် ဟံသာဝတီအသင်း၊ ပဒုမ္မာကွင်း၌ မကွေးအသင်းနှင့် ဧရာဝတီအသင်း၊ စက်တင်ဘာ ၄ ရက်တွင် သုဝဏ္ဏကွင်း၌ စစ်ကိုင်းအသင်းနှင့် ရန်ကုန်အသင်း၊ YUSC ကွင်း၌ ရခိုင်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ပွဲစဉ် (၁၂) အပြီးတွင် ဟံသာဝတီအသင်းက ၂၇ မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေပြီး ဧရာဝတီအသင်းက ၂၄ မှတ်၊ ရန်ကုန်အသင်းနှင့် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းက ရမှတ် ၂၀ စီ၊ ရခိုင်အသင်းက ၁၄ မှတ်၊ ရတနာပုံနှင့် စစ်ကိုင်းအသင်းက ၁၀ မှတ်စီ၊ မကွေးအသင်းက ခုနစ်မှတ်၊ အားကာသိပ္ပံအသင်းက လေးမှတ်၊ Southern အသင်းက သုံးမှတ် ရရှိထားသည်။
ယခုတစ်ပတ်တွင် အသင်းကြီးအချင်းချင်းတွေ့ဆုံသည့်ပွဲများ မပါဝင်ဘဲ ချန်ပီယံလမ်းကြောင်းပေါ်တွင် ရှိနေသည့် ဟံသာဝတီ၊ ဧရာဝတီ၊ ရန်ကုန်နှင့် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းတို့မှာ အမှတ်ပြည့်ရထားရန် ကြိုးပမ်းရမည်ဖြစ်သည်။ ပွဲစဉ် (၁၂) တွင် မထင်မှတ်ဘဲ သရေပွဲကြုံတွေ့ခဲ့သည့် ဧရာဝတီအသင်းနှင့် ပထမအကျော့က သရေကျခဲ့သည့် မကွေးနှင့် တွေ့ဆုံနေပြီး အနိုင်ရရန် အားကုန်ထုတ်ရဖွယ်ရှိနေသည်။ ဇယားထိပ်ပိုင်းမှ အသင်းများသည် အသင်းကြီးအချင်းချင်း မတွေ့ဆုံသော်လည်း ပြိုင်ဘက်အသင်းများ၏ ရုန်းကန်မှုကို ထည့်သွင်းတွက်ချက်ရမည်ဖြစ်သည်။
ပြိုင်ပွဲပြန်လည်စတင်ချိန်တွင် ပူပူနွေးနွေးတွေ့ဆုံထားသည့် အားကာသိပ္ပံနှင့် ရတနာပုံ၊ ရခိုင်နှင့် ရှမ်းယူနိုက်တက်အသင်းတို့၏ အားပြိုင်မှုကိုလည်း နောက်တစ်ကြိမ် ထပ်မံတွေ့မြင်ရမည် ဖြစ်သည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်