မြိတ် ၃ စက်တင်ဘာ
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကိုဗစ်-၁၉ ကူးစက်မှု ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြိတ်မြို့သို့ Stay at Home အကျုံးဝင်မြို့နယ်များမှ လေယာဉ်ခရီးစဉ်နှင့် မော်တော်ယာဉ်များဖြင့် လာရောက်သည့် ခရီးသွားများ မိမိအစီအစဉ်ဖြင့် Quarantine(၁၄) ရက်ဝင်ရမည်ဖြစ်ပြီး ဓာတ်ခွဲနမူနာ(၂)ကြိမ် ရယူစစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီး မြို့နယ်အချို့တွင် ကူးစက်မှုများ များပြားလျက်ရှိပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ Stay at Home သတ်မှတ်သည့် မြို့နယ်များ များပြားလာခဲ့ရာ မြိတ်မြို့တွင် ရောဂါကြိုတင် ကာကွယ်နိုင်ရေးအတွက် စက်တင်ဘာလ (၂) ရက် ညနေ(၄)နာရီခွဲက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တနင်္သာရီတိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဝင်းထွန်း၊ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ကိုဗစ်-၁၉ ကြိုတင် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ညှိနှိုင်းဆွေးဆွေးနွေးခဲ့ကြသည်။
Stay at Home အကျုံးဝင်မြို့နယ်များမှ လာရောက်ကြမည့် ခရီးသွားများ လာရှိရောက်ပါက သက်ဆိုင်ရာ လေကြောင်းလိုင်း၊ မော်တော်ယာဉ်လိုင်းများမှ Quarantine စခန်းများသို့ ပို့ဆောင်ပေးရန်၊ ခရီးသွားများမှ နေထိုင်ခဲ့သည့် မြို့နယ်အလိုက် ထောက်ခံစာ ယူဆောင်လာကြရန်၊ မိမိအစီအစဉ်ဖြင့် Quarantine(၁၄)ရက်ဝင် ရန်နှင့် ဓာတ်ခွဲနမူနာ(၂)ကြိမ် ရယူစစ်ဆေးရန်၊ Quarantine စခန်းတွင် နေထိုင်စဉ် မိမိအစီအစဉ်ဖြင့် စားစရိတ် တစ်ရက် (၃၄၀၀) ကျပ် ကျခံရန်၊ ဓာတ်ခွဲအဖြေထွက်ပြီး ရောဂါပိုးမတွေ့ရှိမှ Home Quarantine(၇)ရက် နေထိုင်ရန်၊ ရောဂါပိုးကင်းရှင်းကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အတည်ပြုပြီးမှ ဆက်လက်ထွက်ခွာခွင့်ပြုရန်၊ နေရပ်ပြန် ရွှေ့ပြောင်းလုပ်သားများ မိမိအစီအစဉ်ဖြင့် စားစရိတ် တစ်ရက်လျှင် ငွေကျပ် ၃၄၀၀ ကျခံရန် ဆွေးနွေး ဆုံးဖြတ်ခဲ့ကြသည်။
ကိုဗစ်-၁၉ ကြိုတင် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ဆွေးနွေးဆုံးဖြတ်ချက်များကို စက်တင်ဘာ (၅) ရက်တွင် စတင်ဆောင်ရွက်မည်ကာ Stay at Home အကျုံးဝင်မြို့နယ်များမှ လာရောက်ကြမည့် ခရီးသွားများအတွက် မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ Quarantine စခန်းများ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိသည်။ ထို့အတူ နေရပ်ပြန် ရွှေ့ပြောင်းလုပ်သားများကို Quarantine စခန်းများ၌ (၂၁) ရက် ဆက်လက်စောင့်ကြပ်ကြည့်ရှုကာ ကျန်းမာရေးစစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )


