ကံမ ၃  စက်တင်ဘာ

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်ရှိ မြစိမ်းရောင်စီမံကိန်းဝင် ကျေးရွာများဖြစ်သည့် ကျောက်စောင်းကျေးရွာနှင့် သီးကုန်းကျေးရွာတို့တွင် မြစိမ်းရောင်စီမံကိန်းအတိုးရငွေ၊ ပြည်သူ ထည့်ဝင်ငွေတို့ဖြင့် ကျေးရွာတွင်း ၄၀ဝ ဗို့အားလိုင်း ပေ  ၇၉၂၀ သွယ်တန်းခြင်းနှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူ၍ ၂၄ နာရီ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၂ ရက် ညက ရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ မီးလင်းနေပြီဖြစ်ကြောင်း သိရသည်။

 

ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဥက္ကဋ္ဌ ဦးတင်မျိုးနိုင်က မီးလင်းဖို့အတွက် ဧပြီလလောက်မှစ၍ ဓါတ်တိုင်စိုက်ဖို့ မြေနေရာ ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ရကြောင်း၊ မေလလယ်လောက်တွင် မီးတိုင်များ စိုက်ထူခဲ့ပြီး မြစိမ်းရောင်စီမံကိန်း ခွင့်ပြုမိန့် ကျသည့် ဩဂုတ်လလယ်လောက်မှ စတင်၍ ထရန်စဖော်မာများ တပ်ဆင်ခြင်း၊ လိုင်းကြိုးများ သွယ်တန်းခြင်း၊ လမ်းမီးများ တပ်ဆင်ခြင်းတို့ကို အဆင့်ဆင့် ဆောင်ရွက်ခဲ့ရကြောင်း၊ ကျောက်စောင်းနှင့် သီးကုန်းနှစ်ရွာပေါင်း အိမ်ထောင်စု ၂၈၉ အိမ်တို့က ပြည်သူထည့်ဝင်ငွေအဖြစ် ငွေကျပ် ၅၄၆၃၇၅၀ဝ ကိုထည့်ဝင်ခဲ့ပြီး မြစိမ်းရောင် စီမံကိန်း အတိုးရငွေဖြင့် ပူးပေါင်း၍ ကျေးရွာနှစ်ရွာ မီးလင်းအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

 

ကျောက်စောင်းနှင့် သီးကုန်းကျေးရွာတို့သည် မြစိမ်းရောင်စီမံကိန်းကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှ စတင်၍ အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ် သိန်း ၃၀ဝ ဖြင့် ၂ ရွာ ၁ ယူနစ် ဆောင်ရွက်သည့် ကျေးရွာဖြစ်ကြောင်း၊ ယခုအခါ စီမံကိန်းကာလ ၅ နှစ်ကျော် ကာလအတွင်း မြစိမ်းရောင် စီမံကိန်း ချေးငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ကိုင်သူ အသင်းဝင် ၂၀၁ ဦးရှိပြီး အတိုးရငွေ ကျပ်သိန်း ၂၀ဝ ကျော် ရရှိနေပြီဖြစ်တဲ့အတွက် စီမံကိန်း အတိုးရငွေထဲက ၉၆ သိန်းကို ပြည်သူထည့်ဝင်ငွေတွေနဲ့ ပူးပေါင်း၍ မြို့နယ်လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း၏ နည်းပညာ အကူအညီကိုရယူ ဆောင်ရွက်နိုင်ခဲ့တာ ဖြစ်ကြောင်း"  ကံမမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသူရရှိန်ထံမှ သိရပါသည်။

 

ယခုအခါ ၂၄ နာရီ လျှပ်စစ်မီးရရှိနေပြီဖြစ်တာကြောင့် ကျောက်စောင်းနှင့် သီးကုန်းကျေးရွာရှိ ကျေးလက်ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးတို့ကို များစွာအကျိုးပြုနိုင်တော့မည်ဟု သိရသည်။

 

မြကျော်ဇင်သန်း(ကံမ)