ဟိုမိန်း ၃ စက်တင်ဘာ
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် လင်းခေးမြို့နယ် ဟိုမိန်းမြို့၌ သောက်သုံးရေ ဖူလုံစေရေး စိမ့်စမ်းရေ သွယ်တန်းခြင်းနှင့် ရေစုကန်တည်ဆောက်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှသိရသည်။
ဟိုမိန်းမြို့၌ သောက်သုံးရေ ဖူလုံစေရေးအတွက် အရှည် ၇မိုင် ၅ဖာလုံ ရှိသော စိမ့်စမ်းရေ သွယ်တန်းခြင်းလုပ်ငန်း၊ ရေဂါလံ ၄၀၀၀၀ ဆံ့ရေစုကန်တစ်ကန်၊ ဂါလန် ၂၀၀၀၀ ဆံ့ ရေစုကန်တစ်ကန်၊ ဂါလန် ၁၀၀၀၀ ဆံ့ရေစုကန် တစ်ကန် တည်ဆောက်ခြင်းလုပ်ငန်းများကို ရှမ်းပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် ၁၇၉ ဒသမ ၄၅ သန်းဖြင့်တင်ဒါအောင်မြင် သော စိုက်ဖေ့ကမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်၍ ဟိုမိန်းမြို့ရှိ အိမ်ခြေ ၇၉၃ အိမ်မှ လူဦးရေ ၃၅၅၄ ဦးတို့ သောက်သုံးရေ ဖူလုံရေးအတွက်အကျိုးပြုမည် ဖြစ်ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်ဝင်း ကပြောသည်။
အဆိုပါ စိမ့်စမ်းရေ သွယ်တန်းခြင်း လုပ်ငန်းများကို ရှမ်းပြည်နယ်တောင်ပိုင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်ဝင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးညွန့်ဝင်း၊ လင်းခေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်ငွေ တို့က စိမ့်စမ်းရေထွက်နေရာ ၊ ရေပိုင်လိုင်းသွယ်တန်းခြင်းနှင့် ရေစုကန် တည်ဆောက်ထားရှိမှု အခြေအနေများအား ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှု့ စစ်ဆေးခဲ့ရာ ကုမ္ပဏီမှ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ပြီး လုပ်ငန်းရေရှည် တည်တံ့ခိုင်မြဲစေရေး စနစ်တကျလုပ်ဆောင် သွားကြရန်နှင့် စိမ့်စမ်းရေထွက်နေရာများ အားရေရှည်အသုံးပြုနိုင်စေရေး အရိပ်ရသစ်ပင်များ စိုက်ပျိုးသွားကြရန် ပြည်နယ်ဦးစီးမှူးက ဆွေးနွေးမှာကြားခဲ့ ကြောင်း သိရသည်။
ငြိမ်းသူ


