မန္တလေး ၃ စက်တင်ဘာ
ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် မန္တလေးမြို့ အောင်မြေသာစံမြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်များရှိ လူစည်ကားရာ နေရာများတွင် Mandalay Grade Star ကုမ္ပဏီမှ စက်တင်ဘာ ၃ ရက်နေ့တွင် နှာခေါင်းစည်း (Mask) တစ်သိန်း အခမဲ့ ဖြန့်ဝေခဲ့သည်။
ကိုဗစ်ရောဂါဖြစ်ပွားနေသည့် ယခုကာလတွင် အဆိုပါကုမ္ပဏီမှ ပရဟိတလုပ်ငန်းအဖြစ် ရောဂါကာကွယ် တားဆီးရေးတွင် အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်၍ မန္တလေးမြို့တွင် နှာခေါင်းစည်း(Mask) များအား ပထမအကြိမ်အနေဖြင့် ဧပြီလတွင် ဖြန့်ဝေပေးခဲ့ပြီး ယခုအခါ ဒုတိယအကြိမ်မြောက်အဖြစ် ဖြန့်ဝေလှူဒါန်းဖြစ် ကြောင်း သိရသည်။
''ကိုဗစ်-၁၉ ရောဂါကို အဓိက ကာကွယ်ပေးနိုင်တာက Mask တပ်ဖို့ပဲ ဖြစ်ပါတယ်။ ဒုတိယအနေနဲ့က လက်ကို စင်ကြယ်အောင် ဆေးကြောခြင်းပေါ့။ ဒါကြောင့် ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ မန္တလေးမြို့မှာ ဒုတိယ အကြိမ်မြောက်အဖြစ် Mask တစ်သိန်းကို အခမဲ့ ဖြန့်ဝေပေးဖို့ စီစဉ်တာပါ။ တတိယအကြိမ်အနေနဲ့လည်း လက်ဆေးဆပ်ပြာနဲ့ Hand Gel တွေ ဖြန့်ဝေပေးဖို့ စီစဉ်နေတဲ့အပြင် အခြား ပရဟိတလုပ်ငန်းတွေနဲ့လည်း ချိတ်ဆက်လှူဒါန်းသွားဖို့ လုပ်ဆောင်သွားမှာပါ'' ဟု Mandalay Grade Star ကုမ္ပဏီမှ အထွေထွေမန်နေဂျာ ဦးကံဇော်လင်းက ပြောသည်။
အဆိုပါ Mask တစ်သိန်းအား ယနေ့ နံနက်ပိုင်းတွင် အောင်မြေသာစံမြို့နယ်ရှိ ၁၉ လမ်းနှင့် ၆၆ လမ်း၊ ၂၆ လမ်းနှင့် ၇၄ လမ်းထောင့်၊ ၂၂ လမ်းနှင့် လမ်း ၈၀ ထောင့်နှင့် မန္တလေး- မတ္တရာ လမ်းထောင့်တို့တွင် နှာခေါင်းစည်း Mask နှစ်သောင်းစီ ဖြန့်ဝေလှူဒါန်းခဲ့ပြီး ညနေပိုင်းတွင် ပြည်ကြီးတံခွန်မြို့နယ် အတွင်းရှိ တွတ်ပီကွေ့တွင် Mask နှစ်သောင်း အခမဲ့ ဖြန့်ဝေလှူဒါန်းခဲ့သည်။
''ကိုဗစ်ရောဂါကာကွယ်ဖို့အတွက် အဓိက လိုအပ်နေတဲ့အချိန်မှာ အခုလို Mask တွေ ဝေငှပေးတာ အလွန် အကျိုးရှိပါတယ်။ ဒီနားက ဖြတ်သန်းသွားသူအားလုံးကို ဖြန့်ဝေပေးနေတာဖြစ်လို့ ရကြသူတွေအားလုံး ပျော်နေတာ တွေ့ရတယ်။ ကျွန်တော်က ဆိုင်ကယ်နဲ့လာတဲ့အတွက် Mask သုံးခု ရပါတယ်။ ကားနဲ့ လာတဲ့သူတွေကို ၁၀ ခုကနေ ၁၅ ခုလောက်အထိ ပေးနေတာကို တွေ့ရတယ်။ မြန်မာနိုင်ငံမှာ ပရဟိတလုပ်ငန်း ဆောင်ရွက်နေသူတွေ များပြားလာတာ တွေ့ရတဲ့အတွက် အားရကျေနပ်မိတယ်။ လှူဒါန်းသူတွေအနေနဲ့လည်း ကုသိုလ်ရကြမှာပါ ''ဟု မန္တလေးမြို့မှ ကိုပြည့်စုံအောင် က ပြောသည်။
မန္တလေးမြို့တွင် အဆိုပါကုမ္ပဏီမှ လာမည့်ရက်များအတွင်း နှာခေါင်းစည်း Mask တစ်သိန်း ထပ်မံ ဖြန့်ဝေပေးသွားမည့်အပြင် အခြားမြို့များဖြစ်သည့် ပုဂံ-ညောင်ဦး၊ မိတ္ထီလာ၊ တောင်ကြီး၊ လွိုင်ကော်၊ မိုးကုတ်နှင့် ပြင်ဦးလွင်မြို့များတွင်လည်း တစ်မြို့လျှင် Mask နှစ်သောင်းနှုန်းဖြင့် ဆက်လက်ဖြန့်ဝေသွားရန် စီစဉ်ထားကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


