၃ စက်တင်ဘာ
အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ(COVID-19) ကူးစက်မှု တားဆီးကာကွယ်ရေးအစီအမံ များကြောင့် မြန်မာနိုင်ငံသို့ အချိန်မီ ပြန်လည်ထွက်ခွာနိုင်ခြင်းမရှိဘဲ ဂျပန်နိုင်ငံတွင် အခက်အခဲများ ပိုမို ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံသားများနှင့် မိသားစုများလိုက်ပါလာသည့် All Nippon Airways (ANA) ၏ ဆဋ္ဌမအကြိမ် ကယ်ဆယ်ရေးလေယာဉ် (Relief Flight)၊ ပျံသန်းအမှတ် NH 813 သည် စက်တင်ဘာ ၃ ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၄၀ တွင် တိုကျိုမြို့ နာရီတာအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ချောမောစွာ ထွက်ခွာသွားခဲ့သည်။
အဆိုပါကယ်ဆယ်ရေးလေယာဉ်တွင် ဂျပန်နိုင်ငံသို့ ကာလတိုဗီဇာဖြင့် အလည်အပတ်လာရောက်ပြီး မြန်မာနိုင်ငံသို့ အချိန်မီပြန်လည်မထွက်ခွာနိုင်သူများ၊ အစိုးရနှင့် ပုဂ္ဂလိကပညာတော်သင်များ၊ အလုပ်အကိုင်အခက်အခဲရှိသူများ၊ ကျန်းမာရေးအရပြန်လိုသူများ၊ အလုပ်သင် သင်တန်းပြီးဆုံးသူများ၊ မှီခိုသူမိသားစုဝင်များ၊ ဂျပန်လူဝင်မှုကြီးကြပ်ရေးမှ မြန်မာနိုင်ငံသို့ အပြီးပြန်လည်ထွက်ခွာရန် အကြောင်းကြားထားသူများ၊ Certificate of Identity ဖြင့် ပြန်လည်ထွက်ခွာသူများနှင့် ဂျပန်နိုင်ငံ ဆိပ်ကမ်းများတွင် စောင့်ဆိုင်းနေသည့် မြန်မာသင်္ဘောသားများ စုစုပေါင်း (၁၄၃) ဦး လိုက်ပါ သွား ခဲ့ကြသည်။
ထို့အပြင် ဂျပန်နိုင်ငံအစိုးရ၏ ODA/JICA အကူအညီဖြင့် မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသည့် သီလဝါအထူးစီးပွားရေးဇုန်စီမံကိန်း၊ ရန်ကုန်အထူးကုဆေးရုံကြီး စီမံကိန်း၊ မကွေးဆေးရုံ တည်ဆောက် ရေးစီမံကိန်း၊ ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း၊ ပဲခူးတံတားတည်ဆောက်ရေးစီမံကိန်း၊ အရှေ့- အနောက်စီးပွားရေး စင်္ကြံ စီမံကိန်း၊ ရန်ကင်းမြို့နယ် ဆောက်လုပ်ရေးစီမံကိန်း၊ ဒဂုံမြို့သစ် ဆောက်လုပ်ရေးစီမံကိန်း၊ တိုယိုတာ စက်ရုံတည်ဆောက်ရေးစီမံကိန်း၊ သီလဝါ သံမဏိစက်ရုံ တည်ဆောက်ရေးစီမံကိန်းတို့တွင် တာဝန် ထမ်းဆောင်ကြမည့် ဂျပန်ပညာရှင်/ကျွမ်းကျင်သူများနှင့် ရန်ကုန်မြို့၊ ဂျပန်သံရုံးမှ ဝန်ထမ်းများ စုစုပေါင်း (၅၀)တို့လည်း လိုက်ပါသွားကြသည်။
ဆဋ္ဌမအကြိမ် ကယ်ဆယ်ရေးလေယာဉ်ဖြင့် မြန်မာနိုင်ငံသားများနှင့် မိသားစုများ အဆင်ပြေစွာ ထွက်ခွာနိုင်ရေးအတွက် မြန်မာသံရုံးမှ သံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများ၊ All Nippon Airways ရုံးချုပ် မှ Senior Vice President Mr. ISHIDA Yohei နှင့် လေဆိပ်ဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးဝန်ထမ်း များမှ လိုအပ်သည့် ပံ့ပိုးကူညီမှုများ စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#Ministry of Foreign Affairs Myanmar


