ရန်ကုန် ၃ စက်တင်ဘာ
မြန်မာကမ်းရိုးတမ်းတစ်လျှောက်ရှိ မြို့များသို့ ကုန်စည်ပစ္စည်းများ သယ်ယူပို့ဆောင် ပေးလျက်ရှိသော မြန်မာ နိုင်ငံကမ်းရိုးတမ်းသွားကုန်တင် ရေယာဉ်များအနေဖြင့် ဩဂုတ်လအတွင်း ကုန်ပစ္စည်းရရှိမှုပေါ် မူတည်ကာ သင်္ဘောများ ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
မြန်မာ့နိုင်ငံကမ်းရိုးတမ်းသွား ကုန်တင်ရေယာဉ်များအနေဖြင့် ဩဂုတ်လအတွင်း ရန်ကုန်-ကော့သောင်း ခရီးစဉ်၊ ရန်ကုန်-မြိတ်ခရီးစဉ်၊ ရန်ကုန်-စစ်တွေခရီးစဉ်၊ ရန်ကုန်-ထားဝယ်ခရီးစဉ်တို့ကို အသွားအပြန် သင်္ဘော အစီးရေ ၉ စီးဖြင့် ကုန်တန်ချိန်စုစုပေါင်း ၃၆၀၅ တန်ကို သယ်ယူပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။ ထိုသို့ ကုန်စည်များ သယ်ယူပို့ဆောင်ပေးရာတွင် အခြေခံစားကုန်နှင့် ဆောက်လုပ်ရေးပစ္စည်းများကို အဓိကထား သယ်ယူပို့ ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ရခိုင်ကမ်းရိုးတမ်းသင်္ဘောပိုင်ရှင်များအသင်းမှ ရန်ကုန်-စစ်တွေခရီးစဉ်ကို သင်္ဘောအစီးရေ ၆ စီးဖြင့် စားသောက်ကုန်၊ လူသုံးကုန်၊ ဆောက်လုပ်ရေးပစ္စည်းများ ကုန်တန်ချိန်စုစုပေါင်း ၂၉၂၀ တန်ကို ပို့ဆောင်ပေး နိုင်ခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်တွင် မြန်မာ့ကမ်းရိုးတမ်းသွား ကုန်တင်ရေယာဉ်များအနေဖြင့် ကုန်စည်ရရှိမှု အပေါ်မူတည်ကာ ပြေးဆွဲပေးလျက်ရှိပြီး ယခင် မော်တော်ယာဉ်လမ်းများ ဆိုးရွားစဉ် တစ်လလျှင် အစင်း ၄၀ ခန့်အထိ ပြေးဆွဲ ပေးခဲ့ရကြောင်း သိရသည်။ ထို့ပြင် ထိုင်းနိုင်ငံမှ ကုန်စည်များဝင်ရောက်ရာတွင် မြဝတီလမ်းကို အသုံးပြုသူများလာပြီး ကော့သောင်းဘက်မှ တင်ပို့မှုလျော့နည်းသွားသည့် အတွက် သင်္ဘောအစင်းရေ ကျဆင်းသွားခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာ့နိုင်ငံကမ်းရိုးတမ်းသွား ကုန်တင်ရေယာဉ်များအနေဖြင့် ဇူလိုင်လအတွင်း ရန်ကုန်-ကော့သောင်း၊ ရန်ကုန် - မြိတ်၊ ရန်ကုန် - စစ်တွေ၊ ရန်ကုန် - ထားဝယ်ခရီးစဉ်တို့ကို အသွားအပြန် သင်္ဘောအစီးရေ ၁၃ စီး ဖြင့် ကုန်တန်ချိန်စုစုပေါင်း ၇၀၆၀ ကို သယ်ယူပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)


