၃  စက်တင်ဘာ 

၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၃)ပထမနေ့ကို ယနေ့ညနေပိုင်းက ဆက်လက်ကျင်းပရာ ဟံသာဝတီ၊ ဧရာဝတီနှင့် အားကာသိပ္ပံအသင်းတို့ နိုင်ပွဲရရှိခဲ့သည်။

သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲတွင် အားကာသိပ္ပံအသင်းက ရတနာပုံအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ယခုရာသီတွင် MNL သို့ ပထမဆုံးတန်းတက်ခွင့်ရခဲ့သည့် အားကာသိပ္ပံအသင်းသည် လက်ရွေးစင်ကစားသမား အများစုပါဝင်သည့် ရတနာပုံအသင်းကို အနိုင်ယူကာ ပထမအကျော့ရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့သည်။ အဓိက ကစားသမားသုံးဦး မပါဝင်နိုင်သည့် ရတနာပုံအသင်းသည် ပုံစံကောင်းပျောက်ဆုံးနေပြီး အသင်းလိုက်ရော တစ်ဦးချင်းကစားပုံမှာ လိုအပ်ချက်များပြားခဲ့သောကြောင့် ရှုံးပွဲဆက်ခဲ့ခြင်းဖြစ်သည်။

ရတနာပုံအသင်းတွင် အဓိကကစားသမားများဖြစ်သည့် လှိုင်းဘိုဘို (ပွဲပယ်)၊ မြတ်ကောင်းခန့်နှင့် မျိုးကိုထွန်း (ဒဏ်ရာ) တို့ပါဝင်နိုင်ခြင်းမရှိသောကြောင့် ပွဲထွက်လူစာရင်းကို အပြောင်းအလဲအချို့ပြုလုပ်ခဲ့သည်။ ယခုပွဲတွင် အောင်သူ၊ ဝင်းနိုင်စိုး၊ စည်သူအောင်၊ ဘီဘီတို့၏ ရတနာပုံတိုက်စစ်လုပ်အားနှုန်းက အားရစရာမရှိသလို ရဲကိုဦး၊ မောင်မောင်စိုးတို့၏ ကွင်းလယ်ကလည်း ပံ့ပိုးပေးနိုင်မှု အားနည်းခဲ့သည်။

ထို့ကြောင့် ရတနာပုံအသင်းသည် ပွဲစကတည်းက ဖိကစားနိုင်သော်လည်း ထိရောက်သည့် တိုက်စစ်ဆင်မှု မတွေ့ခဲ့ရဘဲ အဝေးကန်ချက်များဖြင့်သာ အချိန်ကုန်ခဲ့ရသည်။ အားကာသိပ္ပံအသင်းသည် တန်ပြန်တိုက်စစ်ကိုသာ အားပြုကစားခဲ့ပြီး ၅၅ မိနစ်တွင် တစ်လုံးတည်းသောအနိုင်ဂိုးရခဲ့ကာ လင်းထက်စိုးက သွင်းယူခဲ့ခြင်းဖြစ်သည်။ 

ယင်းနောက်ပိုင်းတွင် ရတနာပုံအသင်းက ချေပဂိုးရရန် တိုက်စစ်မြင့်လာပြီး ဂိုးပြန်ရနိုင်သည့်အခွင့်အရေးများ ပြန်ရခဲ့သော်လည်း အဆုံးသတ်အားနည်းမှုကြောင့် နစ်နာခဲ့ရသည်။ အောင်သူ၊ မောင်မောင်စိုးနှင့် ဝင်းနိုင်စိုးတို့ အခွင့်အရေးများ အသုံးမချနိုင်၍ ရှုံးပွဲကြုံတွေ့ကာ ဒုတိယအကျော့တွင် နှစ်ပွဲဆက်အရေးနိမ့်ခဲ့ရခြင်း ဖြစ်သည်။ 

ပြည်တွင်းကစားသမားများဖြင့် ဖွဲ့စည်းထားသည့် ရတနာပုံအသင်းသည်  လက်ရွေးစင်အဆင့် ကစားသမားအများစု ပါဝင်နေသော်လည်း ယင်းကစားသမားများ၏ စွမ်းဆောင်ရည်များ ကျဆင်းနေသောကြောင့် အကောင်းဆုံးပုံစံရရန် ရုန်းကန်နေရခြင်း ဖြစ်သည်။

YUSC ကွင်း၌ ကျင်းပသည့်ပွဲတွင် ဟံသာဝတီအသင်းက Southern အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ဇယားထိပ်ဆုံးမှ ဟံသာဝတီအသင်း နိုင်ပွဲဆက်ခဲ့သော်လည်း ၇၅ မိနစ်တွင်ရရှိသည့် ပယ်နယ်တီဂိုးကြောင့် အမှတ်ပြည့်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

ပွဲစဉ် (၁၂)တွင် ဧရာဝတီကို သရေကစားခဲ့သည့် Southern အသင်း ရုန်းကန်ခဲ့သော်လည်း နှစ်ကျော့စလုံး အရှုံးပေးခဲ့ရသည်။ ဟံသာဝတီအသင်းအတွက် အနိုင်ဂိုးကို ဒိုနယ်က ပယ်နယ်တီမှတစ်ဆင့် သွင်းယူခဲ့သည်။ 

ပဒုမ္မာကွင်း၌ ကျင်းပသည့်ပွဲတွင် ဧရာဝတီအသင်းက မကွေးအသင်းကို ငါးဂိုးပြတ်အနိုင်ရခဲ့သည်။ ဧရာဝတီ အသင်းသည် ယခုပွဲတွင် ဂိုးပြတ်အနိုင်ရခဲ့သောကြောင့် ချန်ပီယံလမ်းကြောင်းတွင် ဆက်ရှိနေပြီး ဒုတိယနေရာတွင် ဆက်လက်ရပ်တည်နေသည်။ 

မကွေးအသင်းသည် နိုင်ပွဲထပ်မံပျောက်ဆုံးခဲ့ပြီး ဂိုးပြတ်ရှုံးပွဲထပ်မံကြုံတွေ့ခဲ့သည်။ ဧရာဝတီအတွက် အနိုင်ဂိုးများကို ၂၁ မိနစ်တွင် သန်းထက်အောင်၊ ၇၄၊ ၈၂ မိနစ်တွင် ကောင်းမြတ်သူ၊ မိနစ် ၈၀ တွင် ဆာဆက်နှင့် ၈၄ မိနစ်တွင် ရာဇာအောင်တို့က သွင်းယူခဲ့သည်။

ဒုတိယနေ့ကို စက်တင်ဘာ ၄ ရက် (ယနေ့) ဆက်လက်ကျင်းပမည်ဖြစ်ပြီး သုဝဏ္ဏကွင်း၌ စစ်ကိုင်းအသင်းနှင့် ရန်ကုန်အသင်း၊ YUSC ကွင်း၌ ရခိုင်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်