၃  စက်တင်ဘာ

 

မြန်မာနေရှင်နယ်လိဂ်က ရွေးချယ်ချီးမြှင့်သည့် မတ်/သြဂုတ်အတွက် MNL လအလိုက် အကောင်းဆုံးနည်းပြဆုကို ဟံသာဝတီအသင်းနည်းပြချုပ် ဦးမျိုးမင်းထွန်းက ရရှိခဲ့သည်။

 

MNL အမှတ်ပေးပြိုင်ပွဲကို ကိုဗစ်-၁၉ ရောဂါကြောင့် မတ် ၂၄ ရက်တွင် ရပ်နားခဲ့ပြီး သြဂုတ် ၂၂ ရက်မှ ပြန်လည် ကျင်းပသောကြောင့် မတ်လတွင် ကျင်းပခဲ့သည့် ပွဲစဉ် (၉) နှင့် သြဂုတ်တွင်ကျင်းပသည့် ပွဲစဉ် (၁၀၊ ၁၁၊ ၁၂) တို့မှ ရလဒ်များနှင့် စွမ်းဆောင်ရည်များကို တွက်ချက်ကာ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

 

ဟံသာဝတီအသင်းသည် ယင်းကာလအတွင်းကစားခဲ့သည့် ပွဲအားလုံးတွင် အနိုင်ရခဲ့သည့်အပြင် ရာသီဝက် ချန်ပီယံအဖြစ် ရပ်တည်နိုင်ခဲ့၍ ဦးမျိုးမင်းထွန်းက မတ်/သြဂုတ်အတွက် လအလိုက်အကောင်းဆုံးနည်းပြအဖြစ် ရွေးချယ်ခံရခြင်းဖြစ်သည်။ အကောင်းဆုံးနည်းပြဆုရ ဦးမျိုးမင်းထွန်းကို စက်တင်ဘာ ၃ ရက်က YUSC ကွင်း၌ ကျင်းပသည့် Southern-ဟံသာဝတီပွဲ မတိုင်မီ ချီးမြင့်ခဲ့သည်။ ယင်းဆုကို မြန်မာနေရှင်နယ်လိဂ်
အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က ချီးမြင့်ခဲ့ပြီး ဆုတံဆိပ်နှင့် ဆုကြေးကျပ်တစ်သိန်းခွဲ ချီးမြင့်ခဲ့သည်။

မတ်/သြဂုတ်အတွက် လအလိုက် အကောင်းဆုံးကစားသမားဆုကို စက်တင်ဘာ ၄ ရက်တွင် ကျင်းပမည့် MNL ပွဲစဉ် (၁၃) ဒုတိယနေ့တွင် ချီးမြင့်သွားမည်ဖြစ်သည်။

 

မြန်မာနေရှင်နယ်လိဂ်သည် လက်ကျန်ပွဲများတွင်လည်း လအလိုက်အကောင်းဆုံးဆုများ ချီးမြင့်မည်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါကြောင့် လက်ကျန်ပွဲများကို ဆက်တိုက်ကစားနေရာ ပွဲစဉ်လေးခုအပြီး တစ်ကြိမ် ရွေးချယ်ချီးမြင့်မည် ဖြစ်သည်။

 

လက်ကျန်ပွဲစဉ် ရှစ်ခု ကျင်းပရန်ကျန်ရှိနေရာ ပွဲစဉ် (၁၃) မှ (၁၆) အထိ တစ်ကြိမ်၊ ပွဲစဉ် (၁၇) မှ (၂၀)အထိ တစ်ကြိမ်ဖြင့် စုစုပေါင်း နှစ်ကြိမ် ထပ်မံချီးမြင့်မည်ဖြစ်သည်။

 

ယခုရာသီအတွက် လအလိုက်အကောင်းဆုံးဆုများကို ဇန်နဝါရီလအတွက် အကောင်းဆုံးနည်းပြဆုကို ဦးမျိုးမင်းထွန်း (ဟံသာဝတီ)၊ ကစားသမားဆုကို ဒိုနယ် (ဟံသာဝတီ)၊ ဖေဖော်ဝါရီလအတွက် အကောင်းဆုံး နည်းပြဆုကို ဦးတင်မောင်ထွန်း (ရန်ကုန်)၊ ကစားသမားဆုကို မောင်မောင်လွင် (ရန်ကုန်)တို့က ရရှိခဲ့ပြီး ဦးမျိုးမင်းထွန်းသည် ယခုရာသီတွင် လအလိုက် အကောင်းဆုံးနည်းပြဆုကို ဒုတိယအကြိမ် ရရှိခဲ့ခြင်းဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-MNL