မြဝတီ ၃ စက်တင်ဘာ
ထိုင်းနိုင်ငံ ခရိုင်ဒေသအသီးသီးမှ မြန်မာရွှေ့ပြောင်း အလုပ်သမားများသည် မိမိအစီအစဉ်ဖြင့် မြဝတီမြို့ ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားအမှတ် (၂) ဂိတ်မှတစ်ဆင့် ပြန်လည်ဝင်ရောက်လာရာ ယနေ့ နံနက် ၆ နာရီ မှ ညနေ ၆ နာရီအထိ အမျိုးသား (၄၇၈) ဦးနှင့် အမျိုးသမီး (၂၉၄) ဦး စုစုပေါင်း (၇၇၂) ဦး ဖြစ်သည်။
ပြန်လည်ဝင်ရောက်လာသူအများစုဟာ ကိုယ်ဝန်ဆောင်မိခင်များအပြင်၊ ကလေးမိခင်နှင့် ကလေးငယ် များ၊ ထိုင်းနိုင်ငံတွင် အလုပ်သွားရောက်လုပ်ကိုင်ပြီး နေရပ်ပြန်ကြသူများ၊ စက်ရုံလုပ်ငန်းများ ရက်ကာလ ရှည်စွာ ပိတ်ထားမှုကြောင့် အလုပ်နည်းပါးလာသဖြင့် မြန်မာနိုင်ငံတွင်းသို့ ပြန်လည်ဝင်ရောက်လာကြ သူများဖြစ်ကြောင်း သိရသည်။
နေရပ်ပြန် မြန်မာနိုင်ငံသားများကို မြဝတီခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးတေဇာအောင်နှင့်အတူ နယ်စပ်စစ်ဆေးရေးဂိတ်မှ တာဝန်ထမ်းဆောင်နေကြသည့် တာဝန်ကျဝန်ထမ်းများက လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောပြပေးခဲ့သည်။ ထို့အပြင် နေရပ်ဒေသအသီးသီးကို ပြန်ကြမည့် မြန်မာနိုင်ငံသားများကို စေတနာ့ဝန်ထမ်းများ ၊ မြဝတီခရိုင် အတွင်းရှိ ဌာနဆိုင်ရာများမှ ကျန်းမာရေး စစ်ဆေးမှုများ၊ World Food Programme (WFP) မှ လမ်းခရီးတွင် စားသောက်နိုင်ရန် ထမင်းထုပ်နှင့် ရေသန့်ဘူးများ ဝေငှပေးခဲ့ပြီး ပြန်လည်ဝင်ရောက်လာသူများသည် သက်ဆိုင်ရာ ဒေသအသီးသီးရှိ Quarantine Center များသို့ စီစဉ်ပို့ဆောင်ပေးမည်ဖြစ်ပြီး (၂၁) ရက် Quarantine ဝင်ရမည် ဖြစ်ကြောင်း သိရသည်။


