ကိုဗစ်-၁၉ ရောဂါသည် ကြောက်ရွံ့ ထိတ်လန့်ဖို့မလို၊ သို့ရာတွင်မပေါ့ဆရန်တော့လိုသည်။ ရောဂါကူးစက်ပျံ့နှံ့မှု နှေးကွေးနေခဲ့သည့် ပြီးခဲ့သောလအနည်းငယ်အတွင်းမှစကာ မိမိတို့ ပြည်သူများ ကိုဗစ်-၁၉ ရောဂါနှင့်စပ်လျဉ်း၍ ပေါ့ပေါ့ဆဆ ဖြစ်လာကြသည်။ နောက်ပိုင်းတွင်လည်း ကိုဗစ်-၁၉ ရောဂါပိုးသည် မျိုးဗီဇပြောင်းလဲ သွားပြီးနောက်ကူးစက်မှုနှုန်း မြန်ဆန်လာသော်လည်း သေလောက် သည့်ရောဂါမဟုတ်တော့ကြောင်း၊ သာမန်တုပ်ကွေးအဖျားမျှသာ ဖြစ်ပွားကြောင်း စသည့်သတင်းများကြောင့်လည်း ရောဂါအပေါ် အလေးအနက်မထားတော့သည့် အပြုအမူ၊ အနေအထိုင်များနှင့် ပေါ့ဆလာကြခြင်းဖြစ်သည်ဟု ယူဆရသည်။ ။

မိမိတို့အနေဖြင့် သိထားရမည်မှာ ကိုဗစ်-၁၉ ရောဂါအတွက် ကာကွယ်ဆေးထွက်ပေါ်မလာနိုင်သေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ နှင့် စပ်လျဉ်း၍ ပြည့်စုံစွာ မသိရှိရသေးခြင်းပင်ဖြစ်သည်။ သို့ဖြစ် ခြင်းကြောင့် ဆေးမရှိသေးသော၊ ဘာမှန်းမသိရသေးသောရောဂါ မိမိတို့ ခန္ဓာကိုယ်ဆီသို့ ကူးစက်မခံရအောင် သတိဖြင့် ရှောင်ရှား နေထိုင်ကြသည်ကသာ အကောင်းဆုံးပင်ဖြစ်သည်။ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံရပါက နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပေါ်နိုင်ကြောင်းကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ခဲ့ပြီး ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနကလည်း အသိပေးထုတ်ပြန်ထားရာ ယင်းအချက်များကို လေ့လာခြင်းအားဖြင့် ကိုဗစ်-၁၉ ရောဂါအပေါ် ပေါ့ပေါ့ဆဆ ထင်မြင်နေမှုများ ပြန်လည်ဆင်ခြင်နိုင်ကြမည်ဖြစ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ထုတ်ပြန်ချက်အရ ကိုရိုနာ ဗိုင်းရပ်စ်ပြင်းထန်စွာ ကူးစက်ခံရပါက ရောဂါပြင်းထန်စွာခံစားရပြီး အသက်လည်း သေဆုံးနိုင်သည်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပါ က ရေရှည်ဆိုးကျိုးများအနေဖြင့်လည်း (၁) နှလုံးကြွက်သားများ ထိခိုက်ပျက်စီးစေ၍ ရေရှည်တွင် နှလုံးကောင်းစွာ အလုပ်မလုပ် နိုင်တော့ခြင်းနှင့် နှလုံးရောဂါအမျိုးမျိုးခံစားရနိုင်ခြင်း၊ (၂) အဆုတ် အတွင်းရှိ လေအိတ်ငယ်များကို ပျက်စီးစေ၍ အဆုတ်တွင် အမာရွတ်များ ကျန်ခဲ့ကာ နောက်ဆက်တွဲ အသက်ရှူရ ခက်ခဲ ခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများစွာ ဖြစ်ပွားစေ နိုင်ခြင်း၊ (၃) အသက်ငယ်ရွယ်သူများတွင်ပင် ဦးနှောက်နှင့် အာရုံကြောစနစ်ကို ထိခိုက်၍ လေဖြတ်ရောဂါ၊ အတက်ရောဂါ၊ အကြော သေရောဂါ၊ ခြေတုန်လက်တုန်ခြင်း ဖြစ်ပွားစေသည့် ပါကင်ဆန် ရောဂါ၊ မှတ်ဉာဏ်ဆုံးရှုံးစေသည့် အယ်ဇိုင်းမားရောဂါတို့ဖြစ်နိုင် ခြေကို မြင့်မားစေခြင်း၊ (၄) ခန္ဓာကိုယ်ရှိသွေးကြောများအတွင်း သွေးခဲခြင်းများဖြစ်ပေါ်၍ ဦးနှောက်သွေးခဲခြင်း၊ နှလုံးသွေးကြောများ ပိတ်ခြင်း၊ ခြေထောက်သွေးပြန်ကြောများ ပိတ်ခြင်း၊ အသည်း နှင့်ကျောက်ကပ်ရောဂါများ ဖြစ်ပွားစေနိုင်ခြင်း၊ (၅) ပိုးကင်းစင်၍ ရောဂါလက္ခဏာများ ပြန်လည်သက်သာလာခဲ့သော်လည်း အထူး ကြပ်မတ်ကုသဆောင်တွင် ကာလရှည်ကြာသီးခြားခွဲ၍ ကုသမှုခံယူ ရခြင်းကြောင့် စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်စိတ်များခြင်း စသည့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရစေနိုင်ခြင်း၊ (၆) သက်ကြီးဘိုးဘွား များနှင့် ဆီးချိုရောဂါကဲ့သို့ နာတာရှည်ရောဂါရှိသူများတွင် အလွန်အမင်း မောပန်းခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ အဆစ်အမျက်များ နာကျင်ကိုက်ခဲခြင်း စသည့်

ရောဂါလက္ခဏာများကို ပိုမိုပြင်းထန်စွာ ကာလရှည်ကြာ ခံစားရစေနိုင်ခြင်း၊ (၇) လတ်တလောတွင် မသိရှိရသေးသည့် နောက်ဆက်တွဲဆိုးကျိုးများစွာကိုလည်း ခံစားရစေနိုင်ခြင်းတို့ဖြစ်သည်။

အထက်ဖော်ပြပါ အချက်အလက်များအရ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပါက နောက်ဆက်တွဲ ဖြစ်လာနိုင်သည့် ကျန်းမာရေး ဆိုင်ရာ ဆိုးကျိုးများမှာ အများအပြားပင်ဖြစ်ပြီး လူတစ်ဦး၏ ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်နိုင်ကြောင်း သိမြင်နိုင်သည့်အလျောက် ရောဂါဖြစ်မလာမီကပင် ကြိုတင်ကာကွယ်ကြခြင်းဖြင့် ကိုဗစ်-၁၉ ၏ သားကောင်ဘဝကို ရှောင်ရှားနိုင်ကြပါစေကြောင်း။

mna