ပေါင်  ၄  စက်တင်ဘာ

နှစ်စဉ် ဝါခေါင်လပြည့်နေ့ရောက်တိုင်း မွန်တိုင်းရင်းသားတို့၏ ရှေးကျသော ရိုးရာဓလေ့ပွဲတော် တစ်ခုဖြစ်သည့် ရွှေအိုးငွေအိုး မြှုပ်နှံလှူဒါန်းပူဇော်ပွဲကို ယမန်နေ့နံနက်ပိုင်းက ပေါင်မြို့နယ်အတွင်းရှိ မွန်ဘုန်းတော်ကြီးကျောင်းများ၌ အကျဉ်းချုံလှူဒါန်းပူဇော်ခဲ့ကြသည်။

 

ဗုဒ္ဓ၏တရားတော်နှင့်အညီ နောင်သံသရာတွင် ကောင်းကျိုးချမ်းသာ ခံစားရရှိလိုခြင်း၊ မိမိတို့၏  လုပ်အားဖြင့် ရရှိသော သန့်ရှင်းသည့် ဝတ္ထုပစ္စည်းများကို ဝါခေါင်လပြည့်နေ့ရောက်တိုင်း မွန်လူမျိုးများ နေထိုင်ရာဒေသများရှိ ဘုန်းတော်ကြီးများတွင် ရွှေအိုးငွေအိုးသဏ္ဌန်အိုးများ ပြုလုပ်ထားရှိပြီး လှူဒါန်းလိုသော လှူဖွယ်ပစ္စည်းများအား အိုးအတွင်းထည့်ကာ လှူဒါန်းပူဇော်သည့် ဓလေ့တစ်ခု ဖြစ်တယ်လို့ သိရသည်။

 

 “မွန်အဘိုးအဘွားတွေက ရှေးယခင်ကတည်းက ပြုလုပ်ပူဇော်ခဲ့ကြတဲ့ ဓလေ့တစ်ခုပါ။ ဗုဒ္ဓစာပေ ထဲမှာဆိုရင် မွန်လူမျိုးဆိုပြီး စတင်ပေါ်ပေါက်လာကတည်းက လုပ်လာတဲ့ ဓလေ့တစ်လို့ ယူဆကြပါ တယ်။” ဟု ကဒုံစီးတိုက်ကျောင်းဆရာတော် ဦးပညာသာမိက မိန့်ကြားသည်။

 

ယခုနှစ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မြို့နယ်အတွင်းက ဘုန်းတော်ကြီးကျောင်း အနည်းငယ်ကသာ အကျဉ်းချုံးပြုလုပ်လှူဒါန်း ပူဇော်ခဲ့တယ်လို့ သိရပါတယ်။

 

ရွှေအိုးငွေအိုထဲတွင် သစ်သီးများ၊ ဆန်၊ ဆီ၊ ဆား၊ မုန့်ပဲသရေစာ၊ စာရေးကိရိယာနှင့် ငွေသားများ အစရှိသည့် လှူဖွယ်ပစ္စည်းများကို မိမိတတ်နိုင်သလောက် ထည့်ဝင်လှူဒါန်းကြပြီး နှစ်စဉ် ဝါခေါင်လပြည့် နေ့ရောက်ရှိတိုင်း မွန်တိုင်းရင်းသားများနေထိုင်ရာ ဒေသအသီးသီး၌ ပြုလုပ်ပူဇော်ကြသည်။

ကိုဟိန်း(ပေါင်)