ပင်းတယ ၄ စက်တင်ဘာ
ရှမ်းပြည်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ အဝင်/အထွက်နေရာများရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရန်ဖွင့်လှစ်ထားသည့် ကျန်းမာရေးစစ်ဆေးရေးဂိတ်များတွင် တာဝန်ထမ်းဆောင်နေသူများ အသုံးပြုရန် အတွက် နှာခေါင်းစည်းများနှင့် လက်ဆေးဆပ်ပြာရည်များကို ယမန်နေ့မွန်းလွဲပိုင်းက အလှူရှင်များမှ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် နှာခေါင်းစည်းနှင့် လက်ဆေးဆပ်ပြာရည်များကို တောင်ပေါ်ကြီးကျေးရွာ ရွာဦး တပ်ပေါက်ကျောင်းမှ ရေကြည်စမ်း ပညာဒါနဖော်ဒေးရှင်းမှ ဆရာတော် ဦးသုမနနှင့် ရေကြည်စမ်း ပညာ့ဒါနဖောင်ဒေးရှင်း အမျိုးသမီး စက်ချုပ်သူများအဖွဲ့မှ ကိုယ်တိုင်ချုပ်လုပ်ထားသည့် နှာခေါင်းစည်းများကို တစ်ဦးလျင် ၂ ခုနှုန်းနှင့် လက်ဆေးဆပ်ပြာရည်များကို လှူဒါန်းခဲ့သည်။
ရေကြည်စမ်းပညာဒါနဖောင်ဒေးရှင်းကို ဆရာတော်ဦးသုမနက ဦးဆောင်၍ (အခမဲ့) စက်ချုပ်သင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိပြီး ယခုအခါ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကာလ၌ အမျိုးသမီးများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်အတွက် နှှာခေါင်းစည်းများ ချုပ်လုပ်ခြင်းလုပ်ငန်းအပြင် လက်ဆေးဆပ်ပြာရည် ထုတ်လုပ်သည့် လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါကာလအတွင်း နှာခေါင်းစည်းနှင့် လက်ဆေးဆပ်ပြာရည်များကို ပြည်သူများထံ လိုအပ်သလို လှူဒါန်းလျက်ရှိကြောင်း သိရသည်။
ခင်မျိုးနွယ်(ပင်းတယ)


