မိုင်းကိုင် ၄ စက်တင်ဘာ
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြိုနယ်အတွင်း ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရ မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ဒုတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ၂၀၂၀ ပြည့်နှစ် မိုးရာသီကာလအတွင်း မိုးစပါးမျိုးစေ့ထုတ် စိုက်ပျိုးလျက်ရှိသော တောင်သူ ၇၀ ဦး၊ လယ်မြေဧက ၃၀၀ ဧကအတွက် ယခင်ဩဂုတ်လ တတိယအပတ်အတွင်း မျိုးစေ့နှင့် စိုက်ပျိုးစရိတ်ငွေများ ထောက်ပံ့ပေးခဲ့ပြီး ယခုတဖန် ဒုတိယအကြိမ်အဖြစ် မျိုးကွဲပယ်ခြင်း ကုန်ကျစရိတ် တစ်ဧကလျှင် ၅၀၀၀၀ ကျပ်၊ သန့်စင်ခြင်းကုန်ကျစရိတ် တစ်ဧကလျှင် ၅၅၀၀၀ ကျပ်ဖြင့် လယ်မြေဧက ၃၀၀ ဧကအတွက် ထောက်ပံ့ငွေ စုစုပေါင်း ငွေကျပ် ၁၉၅ သိန်းကျပ်ကို တောင်သူများအား ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးရဲထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မိုးစပါးမျိုးစေ့ထုတ်စိုက်ပျိုးသည့် တောင်သူများ တက်ရောက် ခဲ့ကြသည်။
နန်းလှိုင်လှိုင်ဦး(မိုင်းကိုင်)


