ထီးလင်း ၄ စက်တင်ဘာ
ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်းများအနက် တင်းချောင်းကျေးရွာတွင် ဆောင်ရွက်သည့်လျှပ်စစ်မီးလင်းရေး လုပ်ငန်းမှာ ယခုအခါ ပြီးစီးနေပြီ ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။
တင်းချောင်းကျေးရွာ လျှပ်စစ်မီးလင်းရေးလုပ်ငန်းတွင် ၉ မီတာအရှည် မီးတိုင် အလုံး(၄၀)၊ ၁၀မီတာ အရှည် မီးတိုင် (၇)လုံး၊ ၉၅ မီလီမီတာ မီးကြိုးအရှည် (၂၂၃၁၁)ပေ၊ ၃၅ မီတာမီးကြိုးအရှည် (၅၉၀၆)ပေအတွက် ကုန်ကျစရိတ်ကို လူထုဗဟိုပြုစီမံကိန်း၏ ပံ့ပိုးငွေ ၂၄၈၆၁၉၅၀ ဖြင့် လည်းကောင်း၊ မီးတိုင်ထူခြင်း၊ သံလက်တန်း(Arm)တပ်ဆင်ခြင်း၊ Distribution Box၊ ကြွေသီး၊ မီးလုံး၊ မီးကြိုး တပ်ဆင်ခြင်းကို ကန်ထရိုက် အောင်မြင်သည့် ကုမ္ပဏီ၏ပံ့ပိုးမှုဖြင့် လည်းကောင်း၊ မီးတိုင်ကျင်းတူးခြင်း၊ ဖူတင်လောင်းခြင်းလုပ်ငန်းကို ကျေးရွာလူထုက ပူးပေါင်းထည့်ဝင်မှုဖြင့် လည်းကောင်း ဆောင်ရွက်ထားခြင်း ဖြစ်ကြောင်း သိရသည်။
လျှပ်စစ်မီးလင်းရေး လုပ်ငန်းဆောင်ရွက်သည့်အတွက် တင်းချောင်းကျေးရွာ အိမ်ထောင်စု ၉၃ အိမ်၊ လူဦးရေ ၅၂၅ ဦးတို့ အကျိုးခံစားခွင့်ရှိကာ လူထုဗဟိုပြုစီမံကိန်းသည် ထီးလင်းမြို့နယ်အတွင်း ကျေးရွာ ၉၃ ရွာ၌ ကျေးရွာမီးလင်းရေးလုပ်ငန်း(၅၁)ခု အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် တင်းချောင်းကျေးရွာ လျှပ်စစ်မီးလင်းရေး လုပ်ငန်းဆောင်ရွက်ရာသို့ မြို့နယ်လူထုဗဟိုပြုစီမံကိန်း နယ်မြေတာဝန်ခံ ဦးကျော်ဇေယျနှင့် လက်ထောက်နည်းပညာမှူး ဦးဂျက်မောင်မောင်တို့က စက်တင်ဘာ ၃ ရက် နေ့တွင် ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။
အေလေးငယ်


