ဆိပ်ဖြူ  ၄  စက်တင်ဘာ 

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ၂၀၂ဝ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲကြီး၌ သက်ဆိုင်ရာ မဲရုံအသီးသီးတွင် လုံခြုံရေးတာဝန် ထမ်းဆောင်မည့် အထူးရဲ ၁၀၃ ဦးနှင့် အရန်အထူးရဲ ၂ ဦးကို ရွေးချယ်ထားရှိကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

 

အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ရပ်ကွက်ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများနှင့် သက်ဆိုင်ရာဌာနဆိုင်ရာအသီးသီးတို့မှ ဘက်ပေါင်းစုံ ကဏ္ဍပေါင်းစုံဖြင့် ပူပေါင်းဆောင်ရွက်လျက်ရှိရာ မြို့နယ်ရဲတပ်ဖွဲ့အနေဖြင့် အထွေထွေရွေးကောက်ပွဲ ကြိုတင်ပြင်ဆင်ရေးကာလနှင့် ရွေးကောက်ပွဲကျင်းပမည့်ရက်များတွင် မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားရေး လွတ်လပ်၍ တရားမျှတစွာကျင်းပနိုင်ရေးအတွက် မြို့နယ်အတွင်း တည်ငြိမ်အေးချမ်းမှုကို ဆောင်ရွက်နိုင်စေရန် အထူးရဲများကို ခဲ့ကြောင်း သိရှိရသည်။

 

အထွေထွေရွေးကောက်ပွဲကြီးအတွက် အထူးရဲ ရွေးချယ်ရာတွင် မြို့နယ်ရဲတပ်ဖွဲမှူး၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ၊ မြို့နယ် ဥပဒေအရာရှိ၊ မြိုကနယ်မီးသတ်တပ်ဖွဲ့၊ မြို့မရဲစခန်းမှူးနှင့် မြို့မိမြို့ဖ တစ်ဦးတို့ပါဝင်သော အထူးရဲရွေးချယ်ရေး ကော်မတီက သတ်မှတ်အရည်အချင်းများနှင့် ပြည့်မှီသော အထူးရဲများကို ရွေးချယ်ခဲ့ပြီး ရွေးချယ်ထားသော အထူရဲများကို အောက်တိုဘာလအတွင်း သက်ဆိုင်ရာ ဌာန၏ လမ်းညွှန်ချက်များနှင့်အညီ မြို့နယ်ရဲတပ်ဖွဲ့မှူး ကိုယ်တိုင်ကြီးကြပ်၍ အထူးရဲနည်းပြ (ဆင့်ပွား) သင်တန်းဆင်းအရာရှိများက သင်တန်းပေးသွာမည်းဖြစ်ကြောင်း၊ သင်တန်းတက်စဉ်ကာလတွင် အထူရဲတပ်ဖွဲ့ဝင်များအတွက် နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှုများ နှင့်   ကိုဗစ်(၁၉) ရောဂါ ကူးစက်မှုမရှိစေရန် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းကာ ဆောင်ရွက် သွားမည်ဖြစ်ပြီး အထူးရဲတပ်ဖွဲ့ဝင်များကို  (၁.၁၀.၂၀၂၀) ရက်နေ့မှ (၁၅.၁၁.၂၀၂၀)  ရက်နေ့အထိ (၄၆) ရက်ကို ခန့်အပ်တာဝန်ပေးသွားမှာဖြစ်ပြီး  တာဝန်ထမ်းဆောင်စဉ် အထူးရဲများအား သတ်မှတ် ယူနီဖောင်းများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ထုတ်ပေးသွာမည်ဖြစ်ကြောင်း အထူးရဲတပ်ဖွဲ့ဝင် တစ်ဦးလျှင် လစာငွေ ၁၄၄၀၀၀ ကျပ်၊ တစ်ရက် ရိက္ခာငွေ ၁၈၀၀ ကျပ်နှုန်းဖြင့် ခန့်အပ်သွားမည် ဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက သိရှိရသည်။

ကိုဇွဲ(အညာမြေ)