ယင်းမာပင် ၄ စက်တင်ဘာ 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်အတွက် နိုင်ငံတော်မှထောက်ပံ့ပေးမည့် အရန်ရိက္ခာ စားအုန်းဆီပုံးများ သိုလှောင်လက်ခံထားရှိကြောင်း ခရိုင်စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမောင်မောင်သိန်းထံမှ သိရသည်။

 

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှုန်း မြှင့်မားလာပြီး အရေးပေါ်အခြေအနေ ပေါ်ပေါက်လာပါက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် ခရိုင်အတွင်း စားသုံးသူပြည်သူ များထံ အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေနိုင်ရန် ယင်းမာပင်ခရိုင်အတွက် နိုင်ငံတော်မှ ထောက်ပံ့ပေးသော အရန်ရိက္ခာ စားအုန်းဆီပုံးများ သိုလှောင်ထားပြီး ပျက်စီးဆုံးရှုံးမှုမရှိစေရေး သိုလှောင်ရုံမှာ စနစ်တကျ ထိန်းသိမ်းဆောင်ရွက် သွားမှာဖြစ်ကြောင်း ခရိုင်ဦးစီးမှူး ဦးမောင်မောင်သိန်း က ပြောသည်။

 

ယင်းမာပင်ခရိုင်အတွက် နိုင်ငံတော်မှထောက်ပံ့ပေးမည့် အရန်ရိက္ခာစားအုန်းဆီ (၇၉၃၇)ပုံး သိုလှောင် ထားရှိမှာဖြစ်ပြီး လက်ရှိစားအုန်းဆီ (၄၈၀၃)ပုံးကို ခရိုင်စားသုံးသူရေးရာဦးစီးဌာန သိုလှောင်ရုံ၌ စိစစ်လက်ခံ သိုလှောင်ထားရှိပြီး နိုင်ငံတော်အရန်ရိက္ခာ စားအုန်းဆီပုံးများ စိစစ်လက်ခံထိန်းသိမ်းရေးအဖွဲ့ဥက္ကဋ္ဌ  ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုနှင့်အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သန်းဌေးအောင်(ကနီ)