အထက်မင်းလှ ၄ စက်တင်ဘာ
မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ရွာသစ်ကျေးရွာရှိ တောင်သူများ၏ ကျွဲ၊ နွားများအား ပေါင်ပုတ်၊ လက်ပုတ်ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မင်းလှမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါက်တာ ပွင့်မြတ်နိုးသိမ့်နှင့် ဝန်ထမ်းများက ကျေးရွာနေပြည်သူများ မွေးမြူထားသည့် ကျွဲ၊ နွားများအား ပေါင်ပုတ်၊ လက်ပုတ်ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ကျွဲနွားများတွင် ဖြစ်ပေါ်တတ်သည့် ရောဂါများအကြောင်း၊ တိရိစ္ဆာန်များတွင် ဖြစ်ပွားတတ်သည့် ကူးစက်ရောဂါများအကြောင်းနှင့် ရောဂါလက္ခဏာများတွ့ရှိပါက မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးသို့ အသိပေးအကြောင်းကြားရန်တို့ကို အသိပညာပေးပြောကြားခဲ့သည်။
အဆိုပါ ကျွဲ၊နွားများအား ပေါင်ပုတ်၊ လက်ပုတ်ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများကို မြို့နယ်အတွင်းရှိ ကျန်ရှိနေသော ကျေးရွာများတွင် ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
(မြို့နယ် ပြန်/ဆက်)


