မြိတ် ၄ စက်တင်ဘာ
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများ လမ်းသွားလာရာတွင် နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာစေရေး စစ်ဆေး ကြပ်မတ်ခြင်းများကို အရှိန်အဟုန်မြှင့် နေ့စဉ်ဆောင်ရွက်လျက်ရှိပြီး စက်တင်ဘာလ(၄)ရက် နံနက်ပိုင်းတွင် ဗိုလ်ချုပ်ကြေးရုပ်အရှေ့ ၊ နာရီစင်အရှေ့နှင့် စန်းသီရိလမ်းဆုံတို့တွင် နှာခေါင်းစည်း (Mask) မတပ်ဆင်ဘဲ သွားလာသူများကို စစ်ဆေး ဒဏ်ရိုက်ခဲ့သည်။
နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာစေရေး စစ်ဆေးကြပ်မတ်ခြင်းများကို မြိတ်မြို့၏ အဓိကလမ်း မကြီးများတွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက စစ်ဆေးဆောင်ရွက် လျက်ရှိရာ ယနေ့တွင် လမ်းမကြီး(၃)ခု ၌ နှာခေါင်းစည်း (Mask) မတပ်ဆင်ဘဲ သွားလာသူ ၁၀၇ ဦးကို ကိုဗစ်-၁၉ ထိန်းချုပ် ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ စီမံဒဏ်ကြေးငွေ တစ်ဦးလျှင် ၅၀ဝ၀ ကျပ် ဒဏ်ရိုက်အရေးယူဆောင် ရွက်ခဲ့သည်။
ကိုဗစ်-၁၉ ကူးစက်မှုကြိုတင်ကာကွယ်နိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ကြေ ညာချက်များ၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုန့်ပြန်ရေးကော်မတီ၏ စည်းကမ်း သတ်မှတ်ချက်များဖြင့် ကျန်းမာရေးစစ်ဆေးရေး ဂိတ်များဖွင့်လှစ် စစ်ဆေးဆောင်ရွက်လျက်ရှိပြီး မြို့တွင်းသွားလာသူများ နှာခေါင်းစည်း မတပ်ဘဲသွားလာမှု များပြားလာသည့်အတွက် နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာစေရေး စစ်ဆေးကြပ်မတ်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )


