၄  စက်တင်ဘာ

 

COVID-19 တားဆီးကာကွယ်ရေးအစီအမံများကြောင့် စင်ကာပူနိုင်ငံတွင် ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်လည် ထွက်ခွာလိုသည့် မြန်မာနိုင်ငံသားများကို  (၁၆)ကြိမ်မြောက် Relief Flight အဖြစ် စက်တင်ဘာ ၄  ရက် ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီ ၃၁ မိနစ်တွင် မြန်မာအမျိုးသားလေကြောင်းလိုင်း (Myanmar National Airlines-MNA) ပျံသန်းအမှတ် UB 1002 ဖြင့် စင်ကာပူနိုင်ငံမှ ရန်ကုန်မြို့သို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။

အဆိုပါ ကယ်ဆယ်ရေးလေယာဉ်တွင် စင်ကာပူနိုင်ငံသို့ ကာလတိုလာရောက်စဉ် ပိတ်မိနေသူများ၊ စင်ကာပူနိုင်ငံတွင် ပညာသင်ကြားနေသည့် ကျောင်းသား ကျောင်းသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ အလုပ်လုပ်ခွင့်ပါမစ် ဖျက်သိမ်း/ ရပ်နားခံထားရသူများ၊ ပြစ်ဒဏ်ကျခံပြီး လွတ်မြောက်လာသူများ၊ မြန်မာနိုင်ငံ၌ ဆေးကုသမှုပြန်လည်ခံယူရန် လိုအပ်နေသူများ အပါအဝင် စုစုပေါင်း (၁၅၁) ဦး လိုက်ပါသွားကြသည်။

ကယ်ဆယ်ရေးလေယာဉ်ဖြင့် လိုက်ပါမည့် မြန်မာနိုင်ငံသားများအနေဖြင့် လေဆိပ်၌ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရာတွင် အခက်အခဲ မရှိစေရေးနှင့် စင်ကာပူနိုင်ငံမှ အဆင်ပြေချောမွေ့စွာ ထွက်ခွာနိုင်ရေး အတွက် မြန်မာသံအမတ်ကြီး ဦးဆောင်သော သံရုံးကိုယ်စားလှယ်အဖွဲ့သည် ချန်ဂီအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သွားရောက်၍ လိုအပ်သည်များအား ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

#Ministry of Foreign Affairs Myanmar