နေပြည်တော်  ၄   စက်တင်ဘာ 


မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ (၁၂/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို  ယနေ့ နံနက်ပိုင်းတွင် Video Conferencing စနစ်ဖြင့် ကျင်းပသည်။ 


အစည်းအဝေးသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဉီးသောင်းထွန်းနှင့် အဖွဲ့ဝင်များ က နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန မှလည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ လည်းကောင်း၊ ကျန်အဖွဲ့ဝင်များက သက်ဆိုင်ရာနေရာ ဒေသများမှလည်းကောင်း ပါဝင်ဆွေးနွေးကြသည်။


အစည်းအဝေးတွင် ဆောင်ရွက်ဆဲလုပ်ငန်း(၁၀)ခုမှ မတည်ငွေရင်း တိုးမြှင့်ခြင်းအပါအဝင် ကုန်ထုတ် လုပ်မှုကဏ္ဍနှင့် အခြားဝန်ဆောင်မှုကဏ္ဍတို့မှ လုပ်ငန်းသစ် (၈)ခုကို ခွင့်ပြုခဲ့သည်။  အဆိုပါ လုပ်ငန်းများ၏ ရင်းနှီးမြုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၁၂၉ ဒသမ ၅၇၃) သန်းနှင့် ငွေကျပ်     (၁၃၉,၄၃၈  ဒသမ ၃၃၂) သန်းရှိပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း (၁,၁၅၇)နေရာကို ဖန်တီးပေးနိုင် မည်ဖြစ်သည်။


၂၀၂၀ ပြည့်နှစ် ဩဂုတ်လကုန်အထိ ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သော နိုင်ငံ/ဒေသများမှာ စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြစ်သည်။ နိုင်ငံ/ဒေသပေါင်း (၅၁)ခု မှ စီးပွားရေး ကဏ္ဍ (၁၂)ခုတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားရှိမှုမှာ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၂၆ ဒသမ ၃၂ ရာခိုင်နှုန်း)ဖြင့် လည်းကောင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၂၆ ဒသမ ၂၃ ရာခိုင်နှုန်း)ဖြင့်လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၁၄ ဒသမ ၃၁ ရာခိုင်နှုန်း)ဖြင့်လည်းကောင်း ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။


သတင်းစဉ်