နေပြည်တော် ၄ စက်တင်ဘာ

 

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက COVID-19 Economic Relief Plan ဖြင့် ဝယ်ယူသော လူနာတင်ယာဉ် (၁၂) စီးအနက် ပထမအသုတ် (၄) စီးအား လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့တွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၌ ကျင်းပသည်။

 

အခမ်းအနားသို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးတို့ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ လိုအပ်သော လူနာတင်ယာဉ်များကို နိုင်ငံတကာအဆင့်မီ ထုတ်လုပ်ပေးနိုင်ရန်အတွက် ၂၀၁၇ ခုနှစ်အတွင်း ကပင် စီမံချက်ချမှတ်ဆောင်ရွက်ခဲ့ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၏ အကြံ ဉာဏ်များရယူ၍ လူနာတင်ယာဉ် (Ambulance)  (၅၅)စီးအား နိုင်ငံတကာစံချိန်စံညွှန်း သတ်မှတ်ချက်များနှင့်အညီ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည့်အပြင် ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာန၏ လိုင်စင်များရရှိအောင် ဆောင်ရွက်လွှဲပြောင်းပေး ခဲ့ပါကြောင်း။

 

လူနာတင်ယာဉ်အဖြစ် အသုံးပြုမည့် မော်တော်ယာဉ်၊ ယာဉ်အတွင်း တပ်ဆင်အသုံးပြုမည့် Medical Equipment နှင့် ဆက်စပ်ပစ္စည်းများကို ပွင့်လင်းမြင်သာစွာဖြင့် တင်ဒါခေါ်ယူပြီး ဆောင်ရွက်ခဲ့ပါကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အရေးပေါ်ကုသရေးဆေးပညာဌာနမှ ကျွမ်းကျင်ပညာရှင်များနှင့် အကြိမ်ကြိမ် ဆွေးနွေးညှိနှိုင်းပြီး မိမိတို့နိုင်ငံနှင့် ကိုက်ညီမည့် အသင့်တော်ဆုံး ဒီဇိုင်းပုံစံဖြင့် ထုတ်လုပ် ထားခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် လူနာတင်ယာဉ်ဆိုင်ရာ အရည်အသွေး စစ်ဆေးအတည်ပြုချက် ထုတ်ပေးနိုင်ရေး လုပ်ငန်းလမ်းညွှန်းချက်များနှင့်အညီ တပ်ဆင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပါကြောင်း။

 

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနသို့ လူနာတင်ယာဉ် (၁၂)စီး တပ်ဆင်ထုတ်လုပ်ရောင်းချရေး ဆောင်ရွက်ခဲ့ပါကြောင်း၊ ယနေ့တွင် မော်တော်ယာဉ် (၄)စီးကို ပထမအသုတ်အနေဖြင့် လွှဲပြောင်းပေးအပ်ခြင်းဖြစ်ပြီး အမှာစာအရ ကျန်ရှိသော လူနာတင်ယာဉ်(၈)စီးကိုလည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ ယခုလအတွင်း ဆက်လက် လွှဲပြောင်းပေးသွား မည်ဖြစ်ပါကြောင်း၊ ယခုလွှဲပြောင်းသော လူနာတင်ယာဉ် အတွင်းပိုင်းတွင် တပ်ဆင် ထားသော Medical Equipment များသည် အီတလီနိုင်ငံထုတ် Spancer အမျိုးအစားဖြစ်ပြီး Trimming Part များသည် တူရကီနိုင်ငံထုတ် ပစ္စည်းများဖြစ်ပါကြောင်း၊ Standard Type Ambulance မော်တော်ယာဉ် ဖြစ်သည့်အတွက် Medical Equipment (၁၂)မျိုး တပ်ဆင်ထားရှိပါကြောင်း၊ ဈေးကွက် လိုအပ်ချက်အရ Basic Type နှင့် Advance Type အမျိုးအစားများကိုလည်း ဝယ်ယူသည့် အမှာစာများအပေါ်မူတည်၍ ဆက်လက် ထုတ်လုပ်ပေးသွားမည်ဖြစ်ပါကြောင်း။

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ CERP ရန်ပုံငွေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းမျာအတွက် လိုအပ်သည့် ဆေးဝါးနှင့် အထောက်အကူပြုပစ္စည်းများကို ထပ်မံဝယ်ယူ မည်ဆိုပါက ဝန်ကြီးဌာနအနေဖြင့် အချိန်မီဖြည့်ဆည်းပေးနိုင်ရေး အဆင်သင့်ကြိုတင်စီမံဆောင်ရွက် ထားရှိပါကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ လိုအပ်သော ဆေးဝါးနှင့် ဆေးရုံသုံးပစ္စည်း များအား နိုင်ငံတကာစံချိန်စံညွှန်းများအတိုင်း GMP Guide Line များနှင့်အညီ ထုတ်လုပ်ဖြန့်ဖြူးပေးသွား နိုင်ရေး စီမံထားရှိပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း က ကိုဗစ်-၁၉ ကြောင့် ဆုံးရှုံးနစ်နာမှုများကို အချိန်နှင့်တပြေးညီ ကုစားရန် COVID-19 Economic Relief Plan (CERP) ကို ၂၀၂၀ ပြည့်နှစ် ဧပြီ ၂၇ ရက်တွင် ရေးဆွဲထုတ်ပြန်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ယင်းစီမံချက်တွင် ပန်းတိုင် ၇ ခုနှင့် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်ပေါင်း ၇၆ ခု ပါဝင်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်နယ်/ တိုင်းဒေသကြီး အစိုးရအဖွဲ့များက လုပ်ငန်းစဉ် အသီးအသီး အကောင်အထည်ဖော်နေပြီ ဖြစ်ပါကြောင်း၊ မိမိအနေဖြင့် ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး ကော်မတီနှင့် လိုအပ်သည့် ဆေးနှင့်ဆေးပစ္စည်းများ ဝယ်ယူရာတွင် နိုင်ငံတော်၏ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှု မဖြစ်စေ ရေးအတွက် ဆေးနှင့်ဆေးပစ္စည်းဝယ်ယူရေးကော်မတီတို့ကို ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက် လျက်ရှိပါကြောင်း၊ ဆေးနှင့်ဆေးပစ္စည်း ဝယ်ယူရေးကော်မတီအနေဖြင့်ကတော့ လုပ်ငန်းတာဝန် (၉) ရပ် ရှိရာတွင် အရေးကြီးဆုံးအပိုင်းအနေဖြင့် အမှန်တကယ်လိုအပ်သော ဆေးနှင့်ဆေးပစ္စည်းများကို ဝယ်ယူရန်နှင့် ဝယ်ယူသည့်ဆေးပစ္စည်များ သတ်မှတ်ထားသည့် အချိန်အတွင်း ရောက်ရှိရေးပင် ဖြစ်ပါကြောင်း။

 

ဆေးနှင့် ဆေးပစ္စည်းဝယ်ယူရာတွင် နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ဝယ်ယူရမည့် ဆေးနှင့်ဆေးပစ္စည်း များရှိသလို နိုင်ငံတကာ အကူအညီ၊ ချေးငွေများနှင့် ဝယ်ယူရန်ရှိပါကြောင်း၊ လိုအပ်သည့် ဆပ်ကော်မတီ (၄) ခု ဖြစ်သည့် ဝယ်ယူရေးဆပ်ကော်မတီ၊ ဘဏ္ဍာရေး ဆပ်ကော်မတီ၊ သယ်ယူပို့ဆောင်ရေးနှင့် အကောက်ခွန် ရှင်းလင်းရေးဆပ်ကော်မတီနှင့် အရည်အသွေးစိစစ်ရေး ဆပ်ကော်မတီတို့ကို သက်ဆိုင်ရာဌာနများက ညွှန်ကြားရေးမှူးချုပ်များ ဦးဆောင်မှုဖြင့် ဖွဲ့စည်းထားပြီး လုပ်ငန်းတာဝန်များကို လုပ်ဆောင်နေကြပြီ ဖြစ်ပါကြောင်း။

 

သြဂုတ် ၃၁ ရက်က ဝယ်ယူရေးကော်မတီ၏ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ပြီး ဖြစ်ပါ ကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက CERP အရ ပြည်တွင်း/ပြည်ပမှ ဝယ်ယူမယ့် ဆေးနှင့် ဆေးပစ္စည်း၊ စက်ပစ္စည်းနှင့် ဆောက်လုပ်ရေး လုပ်ငန်းများအား အုပ်စုအလိုက်ခွဲ၍ အထွေထွေ ပိုလျှံရန်ပုံငွေ (GRF) အောက်မှ ရန်ပုံငွေ လွှဲပြောင်းသုံးစွဲမည့် အစီအစဉ်တို့အပေါ် အတည်ပြု ဆွေးနွေးခဲ့ကြပါကြောင်း၊ ယင်းမှာ ပြည်တွင်း၌ စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာနမှ ဆေးနှင့်ဆေး ပစ္စည်း၊ PPE နှင့် Ambulance ၁၂ စီး မှာယူထားသည့် ကိစ္စများလည်း ပါဝင်ပါကြောင်း၊ ထို့အပြင် ဂျပန်နိုင်ငံ၏ အကူအညီနှင့် အင်းစိန်မြို့နယ်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနပိုင် မြေနေရာတွင် Storage Facility တည်ဆောက်နိုင်ရေးအတွက် ဂျပန်သံရုံးဘက်ကို ဒီဇိုင်းပုံစံ အမြန်ဆုံး ပြန်ကြားနိုင်ရေးအတွက်လည်း ညှိနှိုင်းဆောင်ရွက်ပြီး ဖြစ်ပါကြောင်း၊ 

 

ရခိုင်ပြည်နယ်သို့ အရေးပေါ်ဆေးပစ္စည်းများ အချိန်မီတင်ပို့နိုင် ရေးအတွက် လိုအပ်သည့် အခါတွင် လေကြောင်း/ ရေကြောင်းတို့ဖြင့် ပေးပို့နိုင်ရန် အမျိုးသားအဆင့်ဗဟို ကော်မတီကတစ်ဆင့် ကာကွယ်ရေးဝန်ကြီးဌာနနှင့် ဆွေးနွေးညှိနှိုင်းသွားမည်ဖြစ်ပါကြောင်း၊ CERP ၏ လုပ်ငန်းစဉ် ၇.၁.၃ (က) အရ နိုင်ငံတကာမှ အကူအညီ/ချေးငွေ ရရှိရေးကို ဆောင်ရွက်ရာတွင် နိုင်ငံတကာ ချေးငွေ၊ အကူအညီအနေဖြင့် အမေရိကန်ဒေါ်လာ ၁ဒသမ၂ ဘီလီယံနှင့် ဂျပန်ယန်း ၃၀ ဘီလီယံ ညှိနှိုင်းရယူထားပြီး အထောက်အပံ့ အမေရိကန် ဒေါ်လာ ၈၄ဒသမ၅၃ သန်း၊ ယူရို ၆ဒသမ၂ သန်း၊ မြန်မာ ကျပ်ငွေ ၁၀,၀၀၀,၀၀၀ နှင့် ဂျပန်ယန်း ၂ ဘီလီယံတို့ကို ရရှိထားပါကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ယခုလွှဲပြောင်းလက်ခံခဲ့သည့် လူနာတင်ယာဉ် (၄) စီးအား ရခိုင်ပြည်နယ်သို့ ပို့ဆောင်ကာ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ အဆင့်မီလူနာတင်ယာဉ်များအား ထုတ်လုပ်ပေးခဲ့သည့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနကိုလည်းကောင်း၊ နိုင်ငံတကာ ပံ့ပိုးမှုများရရှိရန် ချိတ်ဆက် ဆောင်ရွက်ပေးသည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနတို့အား ကျေးဇူးတင်ရှိပါ ကြောင်း။ ထိုသို့ ဝန်ကြီးဌာနများ၏ ဆောင်ရွက်ပံ့ပိုးပေးမှုများသည် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ အတွက်များစွာ အကျိုးရှိပြီး ပြည်သူများ၏ အသက်ကိုကယ်တင်ပေးနေခြင်းလည်း ဖြစ်ပါကြောင်း၊ 

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးအနေဖြင့် အရေးပေါ်အသက်ကယ်ဆယ် ကုသမှုများ၊ လူနာတင်ယာဉ်တွင် တပ်ဆင်ထားသော စက်ကိရိယာများကို ကောင်းမွန်စွာအသုံးချကာ အရေးပေါ် လူနာများအား သယ်ယူပို့ဆောင်မှုများ ပြုလုပ်ရန်အတွက် လူနာတင်ယာဉ်တွင်လိုက်ပါမည့် အရေးပေါ် အသက်ကယ်ပညာရှင် (paramedic) များကို လေ့ကျင့်မွေးထုတ်ပေးလျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနတွင် လက်ရှိအသုံးပြုနေသော လူနာတင်ယာဉ်များအား အသုံးချဆောင်ရွက်နေမှု အခြေအနေများကို ဘက်စုံဆန်းစစ်သုံးသပ်ကာ ပိုမိုအကျိုးရှိထိရောက်စွာ အသုံးချနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ မင်းရဲပိုင်ဟိန်း က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် ထံသို့ လူနာတင်ယာဉ် (၄) စီး၏ စာရွက်စာတန်းများကို လွှဲပြောင်းပေးအပ်သည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများသည် လူနာတင်ယာဉ်များအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။ 

 

သတင်းစဉ်