နေပြည်တော် ၅ စက်တင်ဘာ

အကျဉ်းထောင်အသီးသီး၌ အကျဉ်းကျခံနေရသော ၂၀၁၈-၂၀၁၉ ပညာသင်နှစ်နှင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့သူ အကျဉ်းသား ကျောင်းသား ကျောင်းသူများ အနက် ၅၅ ဦး သည် ယနေ့နံနက်ပိုင်းတွင် ပြန်လည်လွတ်မြောက်ခဲ့ကြောင်း သိရသည်။

၂၀၁၈-၂၀၁၉ ပညာသင်နှစ်နှင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တို့တွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့သူ အကျဉ်းသား ကျောင်းသား ကျောင်းသူများအား တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်မှုအား ချီးမြှင့်သောအားဖြင့်လည်းကောင်း၊ လူမှုရေးအရ ငဲ့ညှာသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏ စေတနာကိုနားလည်ကြပြီး ပြင်ပတွင် တက္ကသိုလ်ပညာများ ဆက်လက်သင်ကြားနိုင်ရေး ရှေးရှုသော အားဖြင့်လည်းကောင်း ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ၄၀၁၊ ပုဒ်မခွဲ(၁)အရ နိုင်ငံတော်သမ္မတက ပြစ်ဒဏ်မှ လွတ်ငြိမ်းသက်သာခွင့် ပြုခဲ့ရာ ၅၅ ဦးပြန်လည်လွတ်မြောက်ခဲ့ပြီး ၃၈ ဦး လျှော့ရက်များ ခံစားရကြောင်း၊ လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ခြင်းကြောင့် ပြန်လည်လွတ်မြောက်သူ ၅၅ ဦးတွင် ပြစ်ဒဏ်ကျခံရန်ကျန်ကာလ ၁ နှစ်ဝန်းကျင်ရှိသူ ၁၃ ဦး၊ ဂုဏ်ထူး နှစ်ဘာသာနှင့် အထက်ရရှိသူ ၂၉ ဦး၊ တစ်ဘာသာဂုဏ်ထူးရရှိသူနှင့် ရိုးရိုးအောင် ၁၃ ဦး ပါဝင်ပြီး လျှော့ရက်များရရှိခံစားရသူ ၃၈ ဦးတွင် ဂုဏ်ထူးနှစ်ဘာသာနှင့်အထက် ရရှိသူ နှစ်ဦး၊ တစ်ဘာသာဂုဏ်ထူးရရှိသူနှင့် ရိုးရိုးအောင် ၃၆ ဦး ပါဝင်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်