၅ စက်တင်ဘာ
ရခိုင်ပြည်နယ်နှင့် ပတ်သက်၍လည်း မိမိတို့အနေဖြင့် အရေးပေါ်စီမံကိန်းများ ချမှတ်ထားပြီးဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ဖြစ်ပွားသည့်အခါ ချက်ချင်းအကောင်အထည်ဖော် ဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိပါကြောင်း၊ ထိုသို့လုပ်ဆောင်ချက်များတွင် အရေးအကြီးဆုံးကိစ္စသည် ရောဂါမပြန့်ပွားရေးဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်ရှိ ပြည်သူများကို အပြင်မထွက်ကြရန် ပြောကြားသည်မှာ ဒဏ်ပေးခြင်းမဟုတ်ပါကြောင်း၊ တစ်နိုင်ငံလုံးသို့ ရောဂါပြန့်ပွားသွားလျှင် အားလုံးကို ထိထိရောက်ရောက် စောင့်ရှောက်မှုပေးရန် များစွာခက်ခဲပါကြောင်း၊ တစ်နေရာထဲတွင် စောင့်ရှောက်မှုပေးရသည်မှာ ပိုမိုထိရောက်လွယ်ကူပါကြောင်း၊ မိမိတို့တွင် ရှိသည့် အရင်းအမြစ်များဖြင့် ပို၍ ပိုင်ပိုင်နိုင်နိုင်လုပ်ဆောင်နိုင်ပါကြောင်း၊ ထို့ကြောင့် ရခိုင်ပြည်နယ်မှ ပြင်ပသို့ မသွားရောက်ကြရန် ပိတ်ပင်ထားခြင်းသည် ရောဂါရှိသူများကို ခွဲခြားဆက်ဆံခြင်း မဟုတ်ပါကြောင်း၊ ထိထိရောက်ရောက် ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရေးနှင့် အုပ်ချုပ်မှုအရ စီမံမှုပေးနိုင်ရန်ဖြစ်ပါကြောင်း။
(Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ဩဂုတ်လ၂၈ ရက်နေ့က ရခိုင်ပြည်နယ်အတွင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်စပ်လျဉ်း၍ ဆောင်ရွက်နေသူများနှင့် အပြန်အလှန် ဆွေးနွေးသတင်းမှ ကောက်နုတ်ချက်)


