စစ်ကိုင်း  ၅ စက်တင်ဘာ

 

စစ်ကိုင်းခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးရန်မသင့်သည့် လူသုံးကုန်ပစ္စည်းများ မီးရှို့ဖျက်ဆီးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

"စားသုံးသူရေးရာဦးစီးဌာနအနေနဲ့ စားသုံးသူကာကွယ်ရေးနဲ့ အကျိုးစီးပွားကာကွယ်စောင့်ရှောက်ခြင်း၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှု၊ ကုန်စည်များ၏ အရည်အသွေး၊ စီမံခန့်ခွဲမှုနှင့် သုတေသနလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်ဆိုတဲ့ လုပ်ငန်းစဉ်တွေ လုပ်ဆောင်လျက်ရှိပြီး မြို့နယ်အတွင်း ကွင်းဆင်းစစ်ဆေးကာ သက်တမ်းလွန် ကုန်ပစ္စည်းတွေ၊ စားသုံးရန်မသင့်တဲ့ ကုန်ပစ္စည်းတွေကို ဌာနဆိုင်ရာများနှင့်ပူးပေါင်းပြီး မီးရှို့ဖျက်ဆီးခဲ့တာပါ” ဟု ခရိုင်စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်အောင်ကျော်က ပြောသည်။

 

စားသုံးသူရေးရာ ဦးစီးဌာနအနေဖြင့် စားသုံးသူအကာအကွယ်ပေးရေးအတွက် ဈေးကြီးများ၊ ရပ်ကွက်၊ ကျေးရွာအတွင်း ဈေးဆိုင်ခန်းများ၊ ထုတ်လုပ်သူလုပ်ငန်းရှင်များအား စီမံချက်များရေးဆွဲ၍ စဉ်ဆက်မပြတ် ကွင်းဆင်းစစ်ဆေး ကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ဇော်မြင့်နိုင်(ပြန်/ဆက်)