မိတ္ထီလာ  ၅  စက်တင်ဘာ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စက်တင်ဘာလ ၄ ရက်နေ့တွင်ထုတ်ပြန်သော ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် စာရင်းတွင်ပါဝင်သည့် နေပြည်တော် ဥတ္တရသီရိမြို့နယ်နေထိုင်သူ   အမျိုးသားတစ်ဦး တက်ရောက်ခဲ့သည့် မိတ္ထီလာဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း စီမံကွပ်ကဲမှု အခြားအဆင့် သင်တန်းသို့အတူ တက်ရောက်ခဲ့သူများဖြစ်သော အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ကို သက်ဆိုင်ရာ Quaratine Centre များတွင် ထားရှိပြီး ၎င်းတို့၏ Swab နမူနာများကို စစ်ဆေးရန် ပေးပို့ဆောင်ရွက်ထားကြောင်းသိရသည်။

“မိတ္ထီလာက ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းမှာ ဥတ္တရသီရိမြို့နယ်က ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ အမျိုးသားနဲ့အတူ သင်တန်းတက်ရောက်ခဲ့တဲ့ အမျိုးသား ၃ ဦး၊ အမျိုးသမီး တစ်ဦးကို သက်ဆိုင်ရာ Quaratine Centre များမှာ ထားရှိပြီး သူတို့ရဲ့ Swab နမူနာတွေကို စစ်ဆေးနိုင်ရေးပေးပို့ရန် ဒီနေ့ နံနက် ၁၁ နာရီမှာ ဆောင်ရွက်ထားရှိပါတယ်။ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းကိုလည်း အပြင်က ဝင်ထွက်သွားလာတာတွေ ပိတ်ထားပါတယ်။ ကျောင်းထဲက ဝန်ထမ်းမိသားစုတွေကိုတော့ Home Quaratine ထားရှိပါတယ်” ဟု မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဦးချမ်းငြိမ်းအောင် က ပြောသည်။

အဆိုပါ Quaratine ထားရှိသူများအနက်မှ အမျိုးသားတစ်ဦး (ကညန-မိတ္ထီလာ) အား တောမကျေးရွာရှိ Quaratine Centre တွင်လည်းကောင်း ၊ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး ( ပို့/ဆက်ကျောင်း) တို့အား      ၎င်းဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း Quaratine Centre တွင်လည်းကောင်း Facality  Quaratine ထားရှိပြီး Swab နမူနာများကို မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဓါတ်ခွဲခန်းသို့ ပို့ဆောင်စစ်ဆေးခြင်းဖြစ်သည်။

အဆိုပါသင်တန်းတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ အမျိုးသားနှင့်အတူ သင်တန်းသား ၂၁ ဦးတက်ရောက်ခဲ့ပြီး   မိတ္ထီလာ ရှိသင်တန်းသား ၃ ဦး နှင့် နည်းပြတစ်ဦးကို Quaratine ထားရှိပြီး   ဆေးစစ်ချက် နမူနာရယူဆောင်ရွက်ခြင်းဖြစ်သည်။

ကျန်ရှိသည့် နေရပ်အသီးသီးသို့ ပြန်သွားကြသော သင်တန်းသားများအား Facality  Quaratine     နိုင်ရေး   အတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်နှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးချမ်းငြိမ်းအောင်၊ ခရိုင်ပြည်သူ့ကျန်းမာဦးစီးဌာန ဒုခရိုင်ဦးစီးမှူး ဒေါက်တာသန္တာလင်းနှင့် ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းမှ တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ချမ်းသာ (မိတ္ထီလာ)