ကလော ၅ စက်တင်ဘာ
ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကလောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင် က ယခုအခါ ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားလျက်ရှိရာ ကလောမြို့နယ်တွင် ပထမဦးဆုံး ပိုးတွေ့ရှိခဲ့ရာ ပြန့်ပွားမှုထိန်းချုပ်ရေးနှင့် ပိုးတွေ့လူနာများ ရှိလာပါက ကလောပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနိုင်ရေး၊ ကျန်းမာရေးဝန်ထမ်းများ၏ လုံခြုံမှု ရှိစေရေး ရောဂါပြန့်ပွားနိုင်သည့် နေရာများအား ထိန်းချုပ်နိုင်ရေးတို့နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းလတ်က ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ယခင်အတွေ့အကြုံများအရ လိုအပ်ချက်များအား ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ကြစေလိုကြောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မင်းက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေး မြို့ဝင်ဂိတ်တွင် တာဝန်ချထားမှု အခြေအနေများနှင့် တာဝန်ကျဌာနများအနေဖြင့် တိကျစွာ လိုက်နာ ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသူများ၏ မေးမြန်းမှုများကို သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
(မြို့နယ် ပြန်/ဆက်)


