မြိတ် ၅ စက်တင်ဘာ
ပြည်သူများ နေ့စဉ်သွားလာလျက်ရှိသည့် မြိတ်-ရန်ကုန်၊ ရန်ကုန်-မြိတ် ခရီးစဉ် ပြေးဆွဲလျက်ရှိသော ခရီးသည်တင်ယာဉ်လိုင်းများ ရပ်နားထားခြင်းမရှိဘဲ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက် များအတိုင်း ပြေးဆွဲလျက်ရှိသည်။
“မြိတ်-ရန်ကုန်၊ ရန်ကုန်-မြိတ် ခရီးစဉ် ရပ်နားထားတာ မရှိပါဘူး။ ဆွဲလို့ရတယ်။ ခရီးသည်တင်လို့ ရတယ်။ မြိတ်ရဲ့ သတ်မှတ်ချက်က ခရီးသည်တင်လို့ရတယ်။ ဒီကသွားလည်းရတယ်။ ဟိုကလာတဲ့ သူတွေလည်း လက်ခံခေါ်လာလို့ရတယ်။ ရခိုင်ဘက်ကနဲ့ ရန်ကုန်က (၇)မြို့နယ် အဲဒီကလာတဲ့ ခရီးသည်တွေကိုတော့ ဒီရောက်လို့ရှိရင် Quarantine ဝင်ရမယ်။ ကျန်တဲ့အရပ်ဒေသက ခရီးသည်တွေ လာလို့ရှိရင် ရပ်ကွက်ထောက်ခံစာ ဆေးထောက်ခံစာပါလို့ရှိရင် Quarantine မဝင်ရဘူး ပြောထားပါတယ်” ဟု မန်းရာဇာ အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေးဂိတ်မှူး ဦးခင်မောင်မြင့် က ပြောသည်။
ခရီးသည်တင်ယာဉ်လိုင်းများ အားလုံးကို ခရီးသွားလာပြည်သူများ ခရီးသွားလာမှုအဆင်ပြေစေရေး အတွက် ရပ်နားထားခြင်းမရှိကြောင်း၊ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်ချက်များအတိုင်း ပြေးဆွဲစေလျက်ရှိ ကြောင်း မြိတ်မြို့နယ် ပုဂ္ဂလိကယာဉ်များပြေးဆွဲရေးလုပ်ငန်း ထိန်းသိမ်းကြီးကြပ်ရေးကော်မတီမှ သိရသည်။
“ခရီးသွားလာတဲ့ ပြည်သူများခရီးသွားလာမှု အဆင်ပြေရန်၊ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် တားဆီးရန်၊ ကုန်စည်စီးဆင်းမှု ပြတ်လပ်မှုမရှိစေရန်အတွက် ယာဉ်လိုင်းများ ပိတ်ထားခြင်း၊ ရပ်နား ထားခြင်းမရှိပါ။ မြိတ်မြို့အနေနဲ့ မည်သည့် မော်တော်ယာဉ်လိုင်းကိုမှ ပြေးဆွဲမှုရပ်တန့်ထားခြင်းမရှိတဲ့ အတွက် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းဉပဒေနဲ့အညီ ပြေးဆွဲမယ်ဆိုရင် လိုင်းပတ်ထားခြင်း မရှိပါ။ ခရီးသွားလာပြည်သူများ ထောက်ခံချက်ယူလာရမယ်။ သက်ဆိုင်ရာစစ်ဆေးရေးဂိတ်တွေမှာ ကျန်းမာရေးစစ်ဆေးခံပြီးလို့ရှိရင် ခရီးသွားလာခွင့်ပြုထားပါတယ်။ ယာဉ်လိုင်းပိတ်ထားခြင်းမရှိပါ” ဟု မြိတ်မြို့နယ် ပုဂ္ဂလိကယာဉ်များပြေးဆွဲရေးလုပ်ငန်း ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ ဉက္ကဋ္ဌ ဦးအောင်သင်းမောင်က ပြောသည်။
မြိတ်မြို့သို့ Stay at Home အကျုံးဝင်မြို့နယ်များမှ လေယာဉ်ခရီးစဉ်နှင့် မော်တော်ယာဉ်များဖြင့် လာ ရောက်သည့် ခရီးသွားများ မိမိအစီအစဉ်ဖြင့် Quarantine(၁၄)ရက် ဝင်ရမည်ဖြစ်ကာ ဓာတ်ခွဲနမူနာ (၂)ကြိမ် ရယူစစ်ဆေးရန် လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ကိုဗစ်-၁၉ ကြိုတင်ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေးဆုံးဖြတ်ထားကြောင်း သိရသည်။
“ရန်ကုန်ကလာတဲ့ Stay at Home အကျုံးဝင်မြို့နယ်များမှလာတဲ့ အဖွဲ့တွေ Quarantine Center မှာ (၁၄)ရက်နေရမယ်။ ဓာတ်ခွဲနမူနာ(၂)ကြိမ်ယူရမယ်။ ရောဂါပိုးမရှိပါက Home Quarantine (၇)ရက်နေရမယ်။ ပြီးမှ မြို့ထဲသွားလာခွင့်ပြုမယ်” ဟု မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသူအောင်က ပြောသည်။
မြိတ်မြို့တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် စက်တင်ဘာ ၅ ရက်မှစတင်ကာ Stay at Home အကျုံးဝင်မြို့နယ်များမှ လာရောက်ကြမည့် ခရီးသွားများအတွက် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေး ကော်မတီမှ Quarantine စခန်းများ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိသည်။
“ပုံမှန်လက်ရှိအချိန်ထိတော့ လူရော ကုန်ရော အကုန်လုံးပြေးဆွဲပေးနေတယ်။ ပုံမှန်အတိုင်းပါပဲ။ ယာဉ် လိုင်းနဲ့ပတ်သက်ပြီး ခရီးသည်တွေနဲ့ ကုန်စည်ပို့ဆောင်တဲ့သူတွေ အပြင်ကောလဟာလတွေ မယုံကြည်ပါ နဲ့။ မူရင်းဂိတ်တွေ ကုန်စည်ပို့ချင်တဲ့ ဂိတ်တွေကို ဖုန်းနဲ့စုံစမ်းပြီးမှ ပစ္စည်းပဲဖြစ်ဖြစ်၊ လူပဲဖြစ်ဖြစ် သွားဖို့ ပို့ဖို့အတွက်ကို မေးပြီးမှ လုပ်ပါ။ အပြင်ကောလဟာလကို မယုံပါနဲ့လို့ ပြောချင်ပါတယ်” ဟု မိုးကောင်းကင်မော်တော်ယာဉ်လိုင်း ဂိတ်မှူး ဦးအောင်သိန်းဝင်း က ပြောသည်။
မြိတ်မြို့တွင် ဆိုက်ရောက်ထွက်ခွာလျက်ရှိသည့် ယာဉ်လိုင်းများတွင် တိုင်းဒေသကြီးပြင်ပမှ ဆိုက်ရောက် ထွက်ခွာ ယာဉ်လိုင်း(၂၅)သင်းနှင့် တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော ယာဉ်လိုင်း(၄၀)သင်း၊ စုစုပေါင်း ယာဉ်လိုင်းအသင်း(၆၅)သင်းရှိကြောင်း မြိတ်မြို့နယ်ပုဂ္ဂလိက ယာဉ်များပြေးဆွဲရေး လုပ်ငန်း ထိန်းသိမ်းကြီးကြပ်ရေးကော်မတီမှ သိရသည်။
ခိုင်ထူး(မြိတ်ပြန်/ဆက်)


