ရန်ကုန် ၅ စက်တင်ဘာ
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားအနေဖြင့် ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းအတွက် အသုံးပြုမည့် ဂျပန်နိုင်ငံထုတ် Diesel Electric Multiple Unit (DEMU) ရထားတွဲဆိုင်းသစ်များကို သြဂုတ် (၂၁) ရက်တွင် ဂျပန်နိုင်ငံ နီဂတ ဆိပ်ကမ်းမှတစ်ဆင့် တင်ဆောင်လာခဲ့ရာ စက်တင်ဘာ ၄ ရက် ညနေပိုင်း တွင် သီလဝါရှိ MITT ဆိပ်ကမ်းသို့ ရောက်ရှိခဲ့သည်၊၊
ယခုရောက်ရှိလာသည့် ရထားတွဲဆိုင်းသစ်များမှာ လေအေးပေးစက်ပါ ခရီးသည် (၃၆) ဦး ဆံ့၊ အထက်တန်း တွဲ (၂)တွဲနှင့် ခရီးသည်(၆၀)ဆန့်၊ ရိုးရိုးတန်းတွဲ (၄) တွဲဖြစ်ပြီး တွဲတစ်တွဲ၏ ခန့်မှန်းတန်ဖိုးမှာ အမေရိကန် ဒေါ်လာ ( ၂ ဒသမ ၆ သန်း) ကုန်ကျကာ DEMU တွဲ အဖြစ် မြန်မာနိုင်ငံသို့ ပထမဦးဆုံး ရောက်ရှိခဲ့ခြင်းဖြစ်သည်။
ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းပြီးစီးပါက ခေတ်မီလူစီးရထား (DEMU) များဖြင့် ရထားအမြန်နှုန်းကို 100 km/hr အထိ တိုးမြှင့်ပြေးဆွဲနိုင်မည်ဖြစ်ပြီး ရန်ကုန်မှမန္တလေးသို့ ရထားဖြင့် သွားရန် ယခုလက်ရှိကြာချိန် (၁၆)နာရီခန့်မှ (၈)နာရီခန့် သာ ကြာမြင့်တော့မည်ဖြစ်ကာ အချိန်ထက် ဝက်ခန့်လျော့ကျသွားမည်ဖြစ်သည်။
ထို့အပြင် အချိန်တိကျမှုရှိခြင်း၊ ခရီးသွားလာရာတွင် ခရီးသည်များ သက်သောင့်သက်သာ ရှိခြင်း၊ ခရီးသည်နှင့် ကုန်ပစ္စည်းများကို အချိန်တိုအတွင်း သယ်ယူပို့ဆောင်ပေး နိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိခံစားနိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


