နေပြည်တော် ၅ စက်တင်ဘာ
ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ် (အများနှင့်သက်ဆိုင်သောကုမ္ပဏီ လီမိတက်) အထူးအထွေထွေအစည်းအဝေးနှင့် သတ္တမအကြိမ် နှစ်ပတ်လည်အထွေထွေအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် နဝဒေးလမ်းရှိ CHID Bank (ရုံးချုပ်)၌ ကျင်းပသည်။
အစည်းအဝေးသို့ နေပြည်တော်မှ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် ၊ အမြဲတမ်း အတွင်းဝန် ဦးရွှေလေး၊ CHID Bank ဥက္ကဋ္ဌ ဦးမင်းထိန်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် များတက်ရောက်ကြပြီး ရန်ကုန်မှ CHID Bank ဒုတိယဥက္ကဋ္ဌ၊ စာရင်းစစ်အဖွဲ့၊ ဒါရိုက်တာ အဖွဲ့ဝင်များ၊ အစုရှယ်ယာရှင်များ၊ တာဝန်ရှိသူများက Zoom Application ဖြင့် တက်ရောက်ကြသည်။
ရှေးဦးစွာ ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံ့ဖွံ့ဖြိုးရေးဘဏ်နာယက၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ အိမ်ရာပိုင်ဆိုင်မှု ရရှိစေရန်အတွက် တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ရာစီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အိမ်ရာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်သည့် အိမ်ရာဘဏ္ဍာငွေကြေးစနစ်တစ်ရပ်ကို တာဝန်ယူ ဆောင်ရွက်ပေးမည့် ဘဏ်တစ်ခု လိုအပ်လာသည့်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ အစိုးရနှင့် ပုဂ္ဂလိကတို့ ပူးပေါင်းပါဝင်သော ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး ဘဏ်ကို ၂၀၁၃ ခုနှစ်မှ စတင်တည်ထောင်ခဲ့ရာ ယခုအခါ တိုင်းဒေသကြီး / ပြည်နယ်များတွင် ဘဏ်ခွဲပေါင်း (၁၇)ခုထိ ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း။
နိုင်ငံတော်၏ စီးပွားရေးမူဝါဒထဲ၌ပါဝင်သည့် စနစ်ကြသော မြို့ပြများဖွံ့ဖြိုးပေါ်ထွက်လာရေးအတွက် အခြေခံ အဆောက်အအုံများ တည်ဆောက်ရာတွင် ငွေကြေးလက်လှမ်းမီလာစေရေးနှင့် အိမ်ရာဘဏ္ဍာငွေကြေးစနစ် အားကောင်းခိုင်မာစေရေး၊ နိုင်ငံသားတိုင်း လုံခြုံစိတ်ချရသော အိမ်ရာများကို ပိုင်ဆိုင်ရေးအတွက် ငွေကြေး ဝန်ဆောင်မှုတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ပုဂ္ဂလိကဆောက်လုပ်ရေးလုပ်ငန်းရှင်များမှ ပုဂ္ဂလိကအိမ်ရာထုတ်လုပ်ရေးအတွက် လိုအပ်သောအိမ်ရာချေးငွေများ ချေးပေးနိုင်ရေးတို့ကိုလည်း ဆောင်ရွက်ပေးနေပါကြောင်း။
ဝင်ငွေနည်းပြည်သူအား အိမ်ရာဝယ်ယူနိုင်စွမ်းရှိစေရန် ၂၀၁၆ ခုနှစ်မှ စတင်၍ နှစ်ရှည် အိမ်ရာချေးငွေများ ထုတ်ချေးပေးလျက်ရှိရာ ၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံ၏ အိမ်ရာချေးငွေ ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ဂျပန်နိုင်ငံ JICA မှ နှစ်ရှည်အတိုးနှုန်းသက်သာသော ODA Two Step Loan ဖြင့် ကာလရှည်ချေးငွေများ ထုတ်ချေးပေးလျက်ရှိရာ ODA Two Step Loan ဖြင့် ဇူလိုင်လကုန်အထိ အိမ်ရာဝယ်ယူလိုသူ (၁၈၆၈) ဦးအပါအဝင် စုစုပေါင်းအိမ်ရာဝယ်ယူလိုသူ (၅၀၄၁) ဦးကို ငွေချေးပေးနိုင်ခဲ့ပါကြောင်း။
ကိုဗစ်-၁၉ အကျပ်အတည်းကာလအတွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ညွှန်ကြားချက်နှင့်အညီ ချေးငွေ အတိုးနှုန်းသက်သာခွင့်များပေးခဲ့ရာ ဘဏ်၏ငွေရင်းနှင့် ထုတ်ချေးသူများ၏ အတိုးနှုန်းကို (၁၃ ရာခိုင်နှုန်း)မှ (၁၀ ရာခိုင်နှုန်း) အထိလည်းကောင်း၊ JICA နှစ်ဆင့်ချေးငွေ နှင့် ထုတ်ချေးသူများ၏ အတိုးနှုန်းကို (၈ ဒသမ ၅ ရာခိုင်နှုန်း)မှ (၅ ဒသမ ၅ ရာခိုင်နှုန်း) သို့ လည်းကောင်း လျော့ချပေးခဲ့ပါကြောင်း။
CHID ဘဏ်အနေဖြင့် ကိုဗစ်-၁၉ သက်ရောက်မှုကြောင့် ဝင်ငွေထိခိုက်မှုရှိခဲ့သည့် အိမ်ရာချေးငွေရယူထား သူများအား လစဉ်ပေးသွင်းရမည့် အရစ်ကျငွေ (အရင်း+အတိုး)အနက် အရင်းငွေကို ဆိုင်းငံ့၍ အတိုးငွေ ကိုသာ ပေးသွင်းရမည့် အစီအစဉ်ကိုလည်း ၂၀၂၀ ပြည့်နှစ်၊ ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင်၊ ဩဂုတ်နှင့် စက်တင်ဘာလများအတွက် စိစစ်၍ ခွင့်ပြုပေးခြင်းနှင့် လစဉ်ပေးဆပ်ငွေ သတ်မှတ်နောက်ဆုံးရက်ကို (၅)ရက်မှ (၁၅)ရက်သို့ နောက်ကျကြေးကောက်ခံခြင်းမပြုဘဲ ရွှေ့ဆိုင်းလက်ခံခြင်းတို့ကို ဖြေလျော့ ဆောင်ရွက်ပေးခဲ့ပါကြောင်း။
ဆောက်လုပ်ရေးလုပ်ငန်းရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ အခက်အခဲများကို ဖြေလျော့ပေးသည့် အနေဖြင့် Commercial Loan ၊ Construction Loan များကို ချေးငွေပမာဏ တိုးမြှင့်ထုတ်ချေးပေးခြင်း၊ ချေးငွေအသစ် ခွင့်ပြုပေးခြင်းတို့ကိုလည်း ဆောင်ရွက်ပေးခဲ့ပါကြောင်း။
နိဂုံးချုပ်အနေဖြင့် ဘဏ်လုပ်ငန်းဆောင်ရွက်ရာတွင် International Financial Reporting Standard (IFRS) နှင့်အညီ တီထွင်ဆန်းသစ်မှုရှိသည့် ငွေကြေးဝန်ဆောင်မှုပုံစံများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပြည်သူလူထု၏ လိုအပ်ချက်များကို ထိရောက်စွာဖြည့်ဆည်းဆောင်ရွက်ပေးနိုင်သည့် ဦးဆောင်ဘဏ်ကြီး တစ်ခုအဖြစ် ရပ်တည်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ဆောက်လုပ်ရေး၊ အိမ်ရာနှင့်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌ ဦးမင်းထိန်က ဘဏ်ဖွင့်လှစ်ခဲ့သည့် ရည်ရွယ်ချက်၊ ဘဏ်၏တိုးတက်မှုအခြေအနေနှင့် ပြည်သူများအတွက် အနာဂတ် အိမ်ရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆောင်ရွက်ထားရှိမှုနှင့် ဘဏ်၏ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ် ဒုတိယဥက္ကဋ္ဌ ဦးသာဌေး က ဘဏ်၏ လုပ်ငန်းပိုင်းဆိုင်ရာနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
ထို့နောက် Chief Policy Officer ဦးဝင်းဇော်က ဆောက်လုပ်ရေး၊ အိမ်ရာနှင့်အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်၏ ကုမ္ပဏီဖွဲ့စည်းပုံအခြေခံစည်းမျဉ်း(Constitution) ကို တင်ပြအတည်ပြုချက်ရယူသည်။
ဆက်လက်၍ ဒုတိယပိုင်း သတ္တမအကြိမ် နှစ်ပတ်လည်အထွေထွေအစည်းအဝေးကို အစီအစဉ်အတိုင်း ကျင်းပရာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ဒါရိုက်တာအဖွဲ့ အစီရင်ခံစာ၊ နှစ်ချုပ် စာရင်းများနှင့် အမြတ် ဝေစုခွဲဝေမှုများကို တင်ပြအတည်ပြုချက်ရယူခြင်း၊ စာရင်းစစ် အစီအရင်ခံစာ တင်ပြအတည်ပြုချက်ရယူခြင်း၊ လက်ရှိအစုရှယ်ယာရှင်များသို့ အစုရှယ်ယာများ ရောင်းချခြင်း၊ ပြန်လည်ဝယ်ယူခြင်းကိစ္စရပ်များကို တင်ပြ အတည်ပြုချက်ရယူခြင်း ၊ ဒါရိုက်တာအဖွဲ့ဝင်သုံးပုံ တစ်ပုံနုတ်ထွက်ခြင်း၊ ၂၀၁၉-၂၀၂၀ သက်တမ်းအတွက် လစ်လပ်သည့် နေရာတွင် ဒါရိုက်တာများ ရွေးချယ်ခြင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ပြင်ပစာရင်းစစ် ခန့်ထားခြင်းနှင့် အခကြေးငွေသတ်မှတ်ခြင်း၊ Chief Policy Officer က အစုရှယ်ယာရှင်များမှ ကြိုတင်ပေးပို့ထားသော မေးခွန်းများဖြေကြားခြင်းတို့ကို အစီအစဉ်အတိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


