နေပြည်တော် ၅ စက်တင်ဘာ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် KNU/ KNLA (PC) ငြိမ်းချမ်းရေးကောင်စီအဖွဲ့ ဥက္ကဋ္ဌ စောထော့လေး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုးနှင့် တပ်မတော်အရာရှိကြီးများ၊ KNU/ KNLA (PC) ငြိမ်း ချမ်းရေးကောင်စီအဖွဲ့ ဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဋ္ဌ စောရင်နုနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြည်တွင်း လက်နက် ကိုင် ပဋိပက္ခများချုပ်ငြိမ်းပြီး ထာ၀ရငြိမ်းချမ်းရေး ရရှိရန်အတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၏ အခြေခံမူဖြစ်သည့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA အတိုင်း ခိုင်ခိုင်မာမာ လျှောက်လှမ်းရေး၊ တပ်မတော်အနေဖြင့် NCA လမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာ ရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ပြီး ငြိမ်းချမ်းရေးအပေါ်တွင် ထားရှိသည့် တပ်မတော်၏ သဘော ထားသည် ပြောင်းလဲသွားမည်မဟုတ်ကြောင်းနှင့် ထာ၀ရ ငြိမ်းချမ်းရေးကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် KNU/ KNLA (PC) အဖွဲ့အနေဖြင့် စံနမူနာပြအဖြစ်ဖြင့် ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
KNU/ KNLA (PC) အဖွဲ့မှ ဥက္ကဋ္ဌ စောထော့လေး နှင့်အဖွဲ့ဝင်များက ပြန်လည်ပြောကြားရာ တွင် ငြိမ်းချမ်းရေးလမ်းစဉ်အတိုင်း ဆက်လက်လျှောက်လှမ်းရန်မှာ မိမိတို့အဖွဲ့၏ ဆုံးဖြတ်ချက် ဖြစ်မှု ၊ KNU/ KNLA (PC)အဖွဲ့အနေဖြင့် NCA လမ်းကြောင်းမှ တစ်ဆင့် ဖော်ဆောင်နေသည့် ပြည်ထောင်စုငြိမ်းချမ်းရေးကို ပန်းတိုင်ရောက်သည်အထိ တပ်မတော်နှင့် လက် တွဲပြီး ဆက်လက် အကောင်အထည်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားပြီး ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် အခြေခံလိုအပ်ချက်များ ကို တင်ပြ ဆွေးနွေးကြသည်။
ဆွေးနွေးတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုင်းရင်းသားအရေးနှင့် ပတ်သက်လာပါက မြန်မာနိုင်ငံ၌ တိုင်းရင်းသားလူမျိုးစု ၁၃၀ ကျော်ရှိသည့် အတွက် မည်သူ့ကိုမျှ ချန်လှပ်မထားရေး၊ အားလုံးပါဝင်နိုင်မည့် အခြေအနေဖြစ်စေရေးနှင့် အားလုံး၏ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိဒေသ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသကို ပြန်လည်အကျိုးပြုနိုင်မည့် အသိပညာရှင်၊ အတတ်ပညာရှင်များ မွေးထုတ်ပေးနိုင်ရေး ပညာရေး ကို အားပေးရန်လိုအပ်သကဲ့သို့ ကျန်းမာမှပညာသင်ကြားနိုင်မည်ဖြစ်သဖြင့် ကျန်းမာရေးကိုလည်း မြှင့်တင်ကြရမည်ဖြစ်ကြောင်း၊ ယခုတင်ပြခဲ့သည့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များအား တပ်မတော်မှ ဆောင်ရွက်နိုင် သည်များကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်လည်း ညှိနှိုင်းတိုင်ပင် ဆောင်ရွက်ပေးသွားမည်ဟု ပြန်လည်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်


