နေပြည်တော် ၆ စက်တင်ဘာ

 

နိုင်ငံတကာခရီးသည်တင် လေယာဉ်များ ပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် အခက်အခဲကြုံတွေ့နေရသည့် ကမ္ဘာအရပ်ရပ်မှ မြန်မာသင်္ဘောသားများအား ဆိုးလ်မြို့ရှိ မြန်မာ သံရုံးနှင့် မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ်တို့မှ ပူးပေါင်းစီစဉ်သည့် မြန်မာအမျိုးသား လေကြောင်း (MNA) စင်းလုံးငှား ကယ်ဆယ် ရေးလေယာဉ်ဖြင့် ကိုရီးယားသမ္မတနိုင်ငံ အင်ချွန်း အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တစ်ဆင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယမန်နေ့ ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည် ရောက်ရှိကြသည်။

 

အဆိုပါ ကယ်ဆယ်ရေးလေယာဉ်တွင် ပနားမားနိုင်ငံမှ ၂၇ ဦး၊ အီဂျစ်မှ လေးဦး၊ ဘရာဇီးမှ ၂၄ ဦး၊ အင်ဒိုနီးရှားမှ ကိုးဦး၊ ဂါနာမှ ကိုးဦး၊ တူရကီမှ ၁၁ ဦး၊ မလေးရှားမှ တစ်ဦး၊ နယ်သာလန်မှ ငါးဦး၊ မက္ကဆီကိုမှ တစ်ဦး၊ ကိုရီးယားမှ ၄၅ ဦး စုစုပေါင်း မြန်မာသင်္ဘော သား ၁၃၆ ဦး လိုက်ပါခဲ့ကြသည်။

 

၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ် ရေး၊ ကျန်းမာရေးစစ်ဆေးရေးနှင့် ၂၁ ရက်တာ အသွားအလာ ကန့်သတ်နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့က သက်ဆိုင်ရာအခန်း ကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ပေးခဲ့ သည်။

 

ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့ နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည် ခေါ်ဆောင်ရန် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန် ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။

 

သတင်းစဉ်