ကန်ပက်လက် ၆ စင်တင်ဘာ
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့ရှိ သဘာဝဝန်းကျင် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန တာဝန်ရှိသူများမှ စက်တင်ဘာ ၂ ရက် ညနေပိုင်းတွင် အောက်ချင်းငှက်နှစ်ကောင်အား နတ်မတောင် အမျိုးသားဉယျာဉ်အတွင်း၌ ဘေးမဲ့လွှတ်ပေးခဲ့ကြသည်။
အဆိုပါ အောက်ချင်းငှက်နှစ်ကောင်သည် ရွှေစက်တော် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၌ မွေးမြူထားခဲ့ကြရာတွင် ရာသီဥတုအခြေအနေအရ ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ရန် သင့်လျော်ခြင်းမရှိသည့်အတွက် နတ်မတောင်အမျိုးသားဥယျာဉ်သို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ယင်းသို့လွှဲပြောင်းပေးအပ်စဉ်တွင် အောက်ချင်းငှက်နှစ်ကောင်သည် (၃)လသားအရွယ်ဝန်းကျင်သာရှိပြီး နတ်မတောင် အမျိုးသားဉယျာဉ်ထိန်းသိမ်းရေးစခန်းတွင် (၃)လကျော် ဆက်လက်ထိန်းသိမ်း စောင့်ရှောက်ခဲ့ကြပြီး နတ်မတောင် အမျိုးသားဉယျာဉ်အတွင်းသို့ ဘေးမဲ့လွှတ်ပေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာအမည် အောင်လောင်ငှက်၊ ယောင်ယင်ငှက်နှင့် ဒေသအခေါ် အောက်ချင်းငှက်သည် ဇီဝမျိုးစုံကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေအရ လုံးဝကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်အမျိုးအစားဖြစ်သဖြင့် ယင်းငှက်များကို သတ်ဖြတ်ခြင်း၊ အမဲလိုက်ခြင်း (သို့မဟုတ်) အနာတရဖြစ်စေခြင်းများအပြင် အထက်ဖော်ပြပါ ဥပဒေအရ တားမြစ်ထားသည်များကို ပြုလုပ်ပါက အနည်းဆုံး ထောင်ဒဏ်(၃)နှစ်မှ အများဆုံးထောင်ဒဏ် (၁၀)နှစ် ချမှတ်ရမည့်အပြင် ငွေဒဏ်ကိုလည်း ချမှတ်နိုင်ကြောင်း နတ်မတောင် အမျိုးသားဥယျာဉ် အုပ်ချုပ်ရေးမှူး ဉီးစိန်ထွန်း၏ ပြောကြားချက်အရ သိရသည်။
ကိုလိန်း(ပြန်/ဆက်)


