လှိုင်းဘွဲ ၆ စက်တင်ဘာ
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် တခင်းလုံကျေးရွာနှင့် နောကောကျေးရွာအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား တတိယအကြိမ်နှင့် စတုတ္ထအကြိမ် (MCCT) ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို စက်တင်ဘာ ၅ ရက်က အဆိုပါကျေးရွာများ၌ ကျင်းပပြုလုပ်ခဲ့ရာ ကရင်ပြည်နယ် လွှတ်တော်ဉက္ကဋ္ဌ ဦးစောချစ်ခင်က ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များအား အာဟာရဖွံ့ဖြိုးတိုးတက်လာစေရန် ထောက်ပံ့ပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကိုဗစ်-၁၉ ကာလအတွင်း မိခင်နှင့်ကလေးများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်ခြင်းတို့ကို ပြောကြားခဲ့သည်။
ထို့နောက် ကရင်ပြည်နယ်လွှတ်တော်ဉက္ကဋ္ဌနှင့် တာဝန်ရှိသူများက တတိယအကြိမ်နှင့် စတုတ္ထအကြိမ် (MCCT) ထောက်ပံ့ငွေများကို ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များထံ ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျန်ရှိနေသော အိမ်ထောင်စုများအတွက် တာဝန်ရှိသူများက အိမ်တိုင်ရာရောက် ဆက်လက်ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရှိရသည်။
အလားတူ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ခလော့ဒေးကျေးရွာတွင် စက်တင်ဘာ ၅ ရက်က ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား တတိယအကြိမ်နှင့် စတုတ္ထအကြိမ် ထောက်ပံ့ငွေများကို ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက လက်ဝယ်အရောက် ပေးအပ်ခဲ့ကြကြောင်းနှင့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလမှ ဇွန်လအအထိ ခလော့ဒေးကျေးရွာအုပ်စုရှိ တတိယအကြိမ် အကျိုးခံစားမည့်သူ ကိုယ်ဝန်ဆောင်မိခင် (၁၅)ဦးနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်(၇၅)ဦး၊ ဇူလိုင်လမှ စက်တင်ဘာအထိ စတုတ္ထအကြိမ် ကိုယ်ဝန်ဆောင်မိခင် (၁၇)ဦးနှင့် အသက်(၂)နှစ်အောက်ကလေး (၇၅)ဦးတို့အတွက် တစ်လလျှင် ကျပ် ၁၅၀၀၀ နှုန်းဖြင့် (၆)လစာကို လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ထို့အတူ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ မဲလရောကျေးရွာတွင် စက်တင်ဘာ ၅ ရက်က ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား တတိယအကြိမ်နှင့် စတုတ္ထအကြိမ် ထောက်ပံ့ငွေများကို ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်းနှင့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလမှ ဇွန်လအအထိ မဲလရောကျေးရွာအုပ်စုရှိ တတိယအကြိမ် အကျိုးခံစားမည့်သူ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်စုစုပေါင်း (၁၀၆)ဦး၊ ဇူလိုင်လမှ စက်တင်ဘာအထိ စတုတ္ထအကြိမ် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက်ကလေး စုစုပေါင်း(၁၁၄)ဦးတို့အတွက် တစ်လလျှင် ကျပ် ၁၅၀၀၀ နှုန်းဖြင့် (၆)လစာကို လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)


