မူဆယ် ၆ စက်တင်ဘာ

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့နယ်တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အောင်မြင်ခဲ့သည့် မူဆယ်မြို့နယ် (၁၀၅)မိုင် ကြက်ခြေနီအသင်းခွဲ(ငယ်)မှ ကြက်ခြေနီ စေတနာ့လုပ်အားရှင်နှစ်ဦး၊ ကြက်ခြေနီလုပ်ငန်းပိုင်းဆိုင်ရာ ကိစ္စရပ်များကို စွမ်းစွမ်းတမံ ကြိုးစားလုပ်ကိုင်ဆောင်ရွက်ခဲ့သူ အမျိုးသမီးတပ်စုမှူးတစ်ဦးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရ လက်ဆောင်ပစ္စည်း ပေးအပ်ပွဲအခမ်းအနားကို စက်တင်ဘာ ၅ ရက် ည ၇ နာရီခန့်က မိုင်းယု (၁၀၅)မိုင် ကြက်ခြေနီအသင်းခွဲ(ငယ်)ရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် မူဆယ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးအယ်လ်စိုးထန်တူး၊ မိုင်းယု(၁၀၅)မိုင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ဆိုင်နှင့် မူဆယ်ခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဒုဥက္ကဋ္ဌ ဦးစိန်မောင်တို့က အသီးသီးအမှာစကားများ ပြောကြားခဲ့သည်။

 

ဆက်လက်၍ (၁၀၅)မိုင် ကြက်ခြေနီအသင်းခွဲ(ငယ်)မှ တပ်ခွဲမှူး ဦးသန့်ဇင်က အခမ်းအနားပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့ပြီး (၁၀၅)မိုင် ကြက်ခြေနီ စေတနာ့လုပ်အားရှင်များနှင့် တက်ရောက်လာကြသူများအား မြန်မာနိုင်ငံ စာရေးဆရာအသင်း နမ့်ခမ်းအဖွဲ့ဝင် စာရေးဆရာ ဦးသန်းတင် (သန်းတင် ၁၀၅ မြေ) မှ ကိုယ်တိုင်ရေးဆပ်ထားသော ဂုဏ်ပြုတေးသီချင်းဖြင့်လည်းကောင်း၊ နမ့်ခမ်းမြို့ စာရေးဆရာအသင်းဥက္ကဋ္ဌ ညဏ်မင်း(နမ့်ခမ်း)မှ ရေးဆပ်ထားသော “လေးစားထိုက်သည့် တစ်ရာ့ငါးမိုင်ကြက်ခြေနီ" ဆိုသည့် ကဗျာတေးသီချင်းဖြင့်လည်းကောင်း ရွတ်ဆို၍ ဂုဏ်ပြုပေးခဲ့သည်။

 

ဆက်လက်၍ ၂၀၁၉-၂၀၂၀ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူ ကြက်ခြေနီ စေတနာ့လုပ်အားရှင် မသိမ့်သိမ့်ထွန်း၊ လွေးစုစုလိူင်နှင့် ကြက်ခြေနီလုပ်ငန်းပိုင်းဆိုင်ရာ ကိစ္စရပ်များကို တက်တက်ကြွကြွ လုပ်ကိုင်ဆောင်ရွက်ခဲ့သူ အမျိုးသမီးတပ်စုမှူး မနန်းအိသော်တာဝင်းတို့ သုံးဦးအား တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပြီး ကြက်ခြေနီ စေတနာ့လုပ်အားရှင်များမှလည်း တက်ရောက်လာသူများအား ဂါရဝပြု အမှတ်တရလက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

သန့်ဇင် (မူဆယ်)

 

mdn