မကွေး ၆ စက်တင်ဘာ

 

မကွေးတိုင်းဒေသကြီးအတွင်း၌ Mask များကို ဈေးအဆမတန်တင်၍ ရောင်းချကြောင်း ပေါ်ပေါက်ပါက အနည်းဆုံး ထောင်ဒဏ် (၆)လမှ အမြင့်ဆုံးထောင်ဒဏ် (၃)နှစ်အထိ ချမှတ်နိုင်မည့်အပြင် ငွေဒဏ် ကျပ် (၅)သိန်းအထိပါ ချမှတ်နိုင်မည့်ဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနက သိရသည်။

 

အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ-၄ အရ စျေးအဆမတန် တင်ရောင်းသူများမှာ ဥပဒေနှင့်ငြိစွန်းမည်ဖြစ်သည်။

 

"ထုတ်လုပ်သူက သူ့ရဲ့ ကုန်ကျမှုအပေါ်မှာ ထိုက်သင့်တဲ့အကျိုးအမြတ်ယူပြီး ရောင်းချခွင့်ရှိသလို တစ်ဆင့်ပြန်လည် ရောင်းချတဲ့သူကလည်း သူဝယ်ရတဲ့ပစ္စည်းအပေါ်မှာ သင့်တင့်တဲ့ အကျိုးအမြတ်ကို တင်ရောင်းခွင့်ရှိပါတယ်။ ဒီလိုမဟုတ်ဘဲ မတန်တဆ ဈေးတင်ရောင်းတယ်ဆိုတာ ပေါ်ပေါက်ရင်တော့ ဥပဒေကြောင်းအရ အရေးယူသွားမှာပါ” ဟု မကွေးတိုင်း စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဝင်းက ပြောသည်။

 

Mask အပါအဝင် ထုတ်ကုန်ပစ္စည်း၏ အနိမ့်ဆုံး ထုတ်လုပ်မှုကုန်ကျစရိတ် မည်မျှရှိသည်ကို သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များနှင့် ချိတ်ဆက်ပြီး ယူထားသည့် အချက်အလက်များရှိကြောင်း ၎င်းက ဆက်ပြောသည်။

 

“ဈေးနှုန်းမြင့်မရောင်းပါနဲ့ဆိုတော့ ပစ္စည်းမရှိတော့ဘူးလို့ ပြောမယ်။ အဲဒီအခါမှ လက်သိပ်ထိုးပြီးဝယ်ရတော့ ဈေးကြီးလည်းပေးရသေး၊ အသနားလည်းခံရသေး၊ ကျေးဇူးလည်းတင်ရသေး ဖြစ်ကုန်တယ်။ ဥပဒေကို တိကျတဲ့ နည်းဥပဒေနဲ့ မကြပ်မတ်နိုင်ဘူးဆိုရင် တစ်ခြားအကွက်နဲ့ ပြောင်းပြီးလုပ်နေဦးမှာပါပဲ” ဟု လုပ်ငန်းရှင်တစ်ဦးက သူ၏အမြင်ကို ပြောပြသည်။

 

မကွေးမြို့ပေါ်ရှိ စတိုးဆိုင်နှင့် ဆေးဆိုင်လုပ်ငန်းရှင်များအား mask အပါအဝင် လူသုံးကုန်ပစ္စည်းများကို အဆမတန်စျေးတင်ရောင်းခြင်းမပြုရန် စားသုံးသူရေးရာဦးစီးဌာနက အသိပေးဆွေးနွေးထားပြီးဖြစ်ကြောင်း ဌာနတာဝန်ရှိသူထံက သိရှိရသည်။

 

ဇေယျတု (မကွေး)