စစ်တွေ   ၆  စက်တင်ဘာ

ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့် အတည်ပြုလူနာများအား သက်ဆိုင်ရာ မြို့နယ်များအလိုက် ပြည်သူ့ဆေးရုံများတွင် သီးသန့်ထားရှိ၍ ကြပ်မတ်ကုသပေးလျက်ရှိရာ ယနေ့ထိ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူများထဲမှ ၁၄ ဦးမှာ ရောဂါပိုးမတွေ့ရှိရသဖြင့်  ဆေးရုံမှဆင်းခွင့်ရရှိခဲ့ကြောင်း သိရသည်။

 

စစ်တွေမြို့ ခုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ အတည်ပြုလူနာများအနက် နောက်ထပ် နှစ်ကြိမ် စစ်ဆေးရာတွင်  Negative(ပိုးမတွေ့)သဖြင့် လူနာ(၁၀)ဦးအား စက်တင်ဘာ ၅ ရက် ညနေပိုင်းက ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီး စက်တင်ဘာ ၆ ရက်(ယနေ့)တွင် ထပ်မံ၍ အတည်ပြုလူနာသုံးဦးအား နှစ်ကြိမ်စစ်ဆေးရာ Negative (ပိုးမတွေ့)သဖြင့် ဆေးရုံမှဆင်းခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။

 

ဆေးရုံမှထပ်မံဆင်းခွင့်ရသများမှာ အတည်ပြုလူနာအမှတ် 446 ၊ 447 ၊ 459 တို့ဖြစ်ပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်တို့ဖြစ်သည်။ ထို့ပြင် ဘူးသီးတောင်ဆေးရုံမှ အတည်ပြုလူနာအမှတ် ၄၇၀ မှာလည်း Negative (ပိုးမတွေ့)နှစ်ကြိမ်ဖြစ်သဖြင့် ယနေ့တွင် ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့ကြောင်း သိရသည်။

 

စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က ကိုဗစ်-၁၉ ရောဂါ ပျောက်ကင်းသွားသူ သုံးဦးအတွက် ဝမ်းမြောက် ဂုဏ်ပြုစကားပြောကြားခဲ့ပြီး သမားတော်ကြီး ဒေါက်တာယဉ်မိုးခိုင်က ဆေးရုံဆင်းလူနာများအား လိုက်နာရန် အချက်များကို မှာကြားခဲ့သည်။ ဆက်လက်၍ ကိုဗစ်-၁၉ ရောဂါပျောက်ကင်းသွားသူ သုံးဦးအား ရောဂါပျောက်ကင်း ကြောင်းလက်မှတ် ပေးအပ်ခဲ့သည်။

 

ဆေးရုံဆင်းခွင့်ရလူနာများသည် မိမိတို့အိမ်တွင် Home Quarantine အဖြစ် နှစ်ပတ်ကြာ နေထိုင်ရမည်ဖြစ်ပြီး လက်ရှိတွင် စစ်တွေပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေသူ ကိုဗစ်-၁၉ အတည်ပြုလူနာ (၂၆၆) ဦးရှိကြောင်း စစ်တွေမြို့ ခုတင် ၅၀၀ ဆံ့ပြည်သူ့ဆေးရုံ၊ ဆေးရုံအုပ်ကြီး ဒေါက်တာ ဇော်လွင်က ပြောသည်။

 

ရခိုင်ပြည်နယ်တွင် သြဂုတ် ၁၆ ရက်မှစ၍ ယနေ့ စက်တင်ဘာ ၆ ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၉၈ ဦးရှိပြီး စစ်တွေမြို့နယ်တွင် ပိုးတွေ့လူနာ ၂၇၃ ဦးရှိပြီး ယနေ့တွင် စစ်တွေဆေးရုံမှ သုံးဦးနှင့် ဘူးသီးတောင်ဆေးရုံမှ တစ်ဦး ဆေးရုံမှဆင်းခွင့်ရရှိခဲ့ကြောင်း သိရသည်။

 

တင်ထွန်း(ပြန်/ဆက်)