စက်တင်ဘာ


အာရှဘောလုံးအဖွဲ့ချုပ်သည် ကိုဗစ်-၁၉ ရောဂါကြောင့် ရပ်နားထားသည့် ၂၀၂၀ ရာသီ AFC Cup ပြိုင်ပွဲ အုပ်စုလက်ကျန်ပွဲများ ကျင်းပမည့်အခြေအနေအား ယခုရက်ပိုင်းအတွင်း ထုတ်ပြန်ဖွယ်ရှိနေသည်။

 

အာရှဘောလုံးအဖွဲ့ချုပ်သည် AFC Cup ပြိုင်ပွဲ အုပ်စုလက်ကျန်ပွဲများအနက် အာဆီယံဇုန် အုပ်စုလက်ကျန်ပွဲများကို စက်တင်ဘာ ၂၃ ရက်မှ ၂၉ ရက်အထိ ကျင်းပရန် စီစဉ်ထားသော်လည်း ရောဂါအခြေအနေကြောင့် အိမ်ရှင်အဖြစ် လက်ခံကျင်းပလိုသည့် နိုင်ငံမရှိေသာကြောင့် အခက်တွေ့နေခြင်းဖြစ်သည်။


အာဆီယံဇုန်တွင် အုပ်စုသုံးခုပါဝင်ပြီး ယခင်က အုပ်စု (F) နှင့် (G) ကို ဗီယက်နမ်နိုင်ငံက လက်ခံကျင်းပခွင့် ရထားသော်လည်း ကိုဗစ်-၁၉ ရောဂါပိုးရှိသူ ပြန်လည်တွေ့ရှိခဲ့၍ လက်ခံကျင်းပနိုင်ခြင်း မရှိတော့ကြောင်း အာရှဘောလုံး အဖွဲ့ချုပ်ထံ အကြောင်းကြားထားသည်။

 

အရှေ့တောင်အာရှနိုင်ငံများမှာ ကိုဗစ်-၁၉ ရောဂါကြောင့် အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ရန် မရှိသောကြောင့် အာရှဘောလုံးအဖွဲ့ချုပ်အနေဖြင့် လက်ကျန်ပွဲ ကျင်းပမည့်အခြေအနေကို ပြန်လည်သုံးသပ်ရဖွယ် ရှိနေသည်။

 

ယခုရာသီတွင် AFC Cup ပြိုင်ပွဲကို ဇုန်အလိုက် အုပ်စုများခွဲ၍ ကျင်းပလျက်ရှိပြီး အုပ်စုအများစုမှာ ပထမအကျော့ ကာလမှာပင် ရပ်နားထားရခြင်းဖြစ်သည်။

 

ယင်းပြိုင်ပွဲတွင် မြန်မာကလပ်များဖြစ်သည့် ရန်ကုန်နှင့် ရှမ်းယူနိုက်တက်အသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး ရန်ကုန်အသင်းက အုပ်စု (F) နှင့် ရှမ်းယူနိုက်တက် အသင်းက အုပ်စု (H) တွင် ပါဝင်နေသည်။

 

သတင်း-ညီမြတ်သော်တာ