ဘိုကလေး ၇ စက်တင်ဘာ
Covid-19 ကူးစက်ရောဂါ ဖြစ်ပွားနေသည့်ကာလဖြစ်သည့်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဘိုကလေးမြို့ပေါ်ရပ်ကွက် (၁၀)ခုရှိ မသန်စွမ်းသူ (၁၅၆)ဦးအား ယနေ့နံနက် ၉ နာရီ၌ အိမ်တိုင်ရာရောက် ထောက်ပံ့ငွေ ၃၀၀၀၀ ကျပ် လိုက်လံထောက်ပံ့ပေးခဲ့သည်။
ထိုသို့ထောက်ပံ့ရာတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး နော်ချယ်ရီရွှေ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးရဲလင်းထက်၊ လွှတ်တော်ကိုယ်စားလှယ်ရုံးအဖွဲ့များ၊ မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ ပူးပေါင်း၍ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ မသန်စွမ်းသူများ၏ လက်ဝယ်အရောက် ထောက်ပံ့ငွေများ ထောက်ပံ့ပေးခဲ့ကြောင်း၊ ဘိုကလေးမြို့နယ်၏ ရပ်ကွက်(၁၀)ခုနှင့် ကျေးရွာအုပ်စုအားလုံးတို့တွင် မသန်စွမ်းသူဦးရေပေါင်း (၁၆၀၃)ဦးရှိပြီး ကျေးရွာအုပ်စုများမှ မသန်စွမ်းသူများအား ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ထောက်ပံ့ငွေများ ဆက်လက်ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။
မိုးစက်(ဘိုကလေး)


