မူဆယ် ၇ စက်တင်ဘာ
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် စက်တင်ဘာ ၇ ရက် နံနက် ၉ နာရီခန့်က မြန်မာ-တရုတ် ချစ်ရေးအသင်း မူဆယ်ရုံးခွဲအဖွဲ့၊ မူဆယ်ခရိုင် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီအဖွဲ့နှင့် ခရိုင်/မြို့နယ်အဆင့်ရှိ အမျိုးသမီးရေးရာနှင့် မိခင်ကလေးအဖွဲ့၊ လူမူရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ပြည်သူလူထုများအား နှာခေါင်းစည်း(Mask)များ "အခမဲ့" ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မူဆယ်ခရိုင်၊ မြို့နယ်အဆင့် Cornavirus Disease 2019 (COVID-19) ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီအဖွဲများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်ကလေးအဖွဲ့၊ မြန်မာ-တရုတ် ချစ်ရေးအသင်း၊ ကျန်းမာရေးအဖွဲ့၊ ကြက်ခြေနီအဖွဲ့နှင့် မီးသတ်အဖွဲ့၊ မြင့်မြတ်ပါရမီ ပရဟိတသွေးလှူရှင်အသင်းအဖွဲ့၊ နှစ်လုံးလှ လူမှုကူညီရေးအဖွဲ့နှင့် အခြား လူမှုကူညီရေးအသင်းအဖွဲ့များ ပူးပေါင်းပြီး မူဆယ်ခရိုင် မူဆယ်မြို့နယ်အတွင်းရှိ တရုတ်-မြန်မာ နယ်စပ် ရွှေနန်းတော်ဂိတ်၊ မူဆယ်အမှတ်(၂)စျေးရှေ့၊ မူဆယ်နာရီစင်မီးပွိုင့်ရှေ့၊ မူဆယ်အားကစားကွင်းရှေ့၊ မြို့ရှောင်လမ်းဘေး၊ အိုယီယမ်တယ်ဟိုက်ဝေး တိုးဂိတ်အနီးနှင့် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီး ကားအဝင်အထွက်များသည့် နေရာများ၊ ကုန်တင်ကုန်ချရုံးနေရာများနှင့် အခြား လူအသွားအလာများသည့် နေရာများမှာ ပူးပေါင်းအဖွဲ့က နှာခေါင်းစည်း(Mask)များ "အခမဲ့"ဖြန့်ဝေပေးခဲ့ခြင်း၊ လက်သန့်စင်ဆေးဖြင့် လက်ဆေးပေးခြင်း၊ အသံချက်စက်ဖြင့် ဆော်သြပေးခြင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်ရောဂါ ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း စသည်ဖြင့် ကိုဗစ်ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မူဆယ်ခရိုင် မူဆယ်မြို့ တရုတ်-မြန်မာ နယ်စပ်သည် စီးပွားရေးအရ အဓိက အချက်အခြာကျသော နေရာဖြစ်သည့်အတွက် နေ့စဉ်လိုလို စီးပွားရေးလုပ်ငန်းရှင်များ၊ ကုန်ရောင်းကုန်ဝယ်သမားများ၊ နယ်စပ်သို့ အလည်အပတ် လာရောက်လေ့လာသူများ နေ့စဉ် အသွားအလာရှိနေသောကြောင့် လတ်တလော ဖြစ်ပွားနေသည့် ကိုဗစ်ရောဂါ မျိုးရိုးဗီဇပြောင်း ကူးစက်မှုအန္တရာယ်ဘေးမှ ကင်းဝေးနိုင်စေရန်အတွက် အမျိုးသားရေးစိတ်ဓာတ်ဖြင့် မူဆယ်ခရိုင်၊ အုပ်ချုပ်ရေးမှူး၊ ဦးလှိုင်စိုးသန့်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးသူရိန်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း ဥက္ကဋ္ဌ ဦးရှင်ဖူး ဦးစီးအဖွဲ့၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးအဖွဲ့ ခရိုင်ပညာရေးအဖွဲ့၊ ပြည်သူ့စစ်အဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းပြီး မြို့ဝင်/မြို့ထွက် နေရာများတွင် ခရီးသွားလာသူများအား၊ ယာဉ်ကြီးယာဉ်ငယ် မလွတ်တန်း ရပ်တန့်စေခဲ့ပြီး ယာဉ်ပေါ်ပါသူများအားလုံးကို ကိုယ်အပူချိန်တိုင်းပေးခြင်း၊ နှာခေါင်းစည်းဝေခြင်း၊ အသိပညာပေးခြင်းများကို နေ့စဉ်လိုလို နံနက်(၆)နာရီမှ ည(၈)နာရီအထိ တက်ညီလက်ညီနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သန့်ဇင် (မူဆယ်)


