မိုင်းဖြတ် ၇ စက်တင်ဘာ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက နမ့်ယွန်းကျေးရွာအုပ်စု၊ မာမွန်ကြယ်ကျေးရွာ၌ Cash for Work စီမံကိန်း ထောက်ပံ့ ရန်ပုံငွေဖြင့် သောက်သုံးရေရရှိရေး စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်းကို ဩဂုတ်လ ပထမအပတ်က စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ COVID-19 ရောဂါ ကာလအတွင်း လူမှုစီးပွားဘဝထိခိုက် ဆုံးရှုံးမှုတွေ လျော့နည်းသက်သာစေရန်နှင့် ဝင်ငွေရရှိစေရန် ရည်ရွယ်၍ Cash for Work စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ မိုင်းဖြတ်မြို့နယ် နမ့်ယွန်းကျေးရွာအုပ်စု၊ မာမွန်ကြယ်ကျေးရွာ သောက်သုံးရေရရှိရေး စိမ့်စမ်းရေပိုက်လိုင်း ပြုပြင်သွယ်ယူခြင်းလုပ်ငန်းကို စီမံကိန်းထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၀ဝ ဖြင့် ဩဂုတ်လ ပထမအပတ်က စတင်အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ကျေးရွာသူ ကျေးရွာသားများ ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိတွင် ၇၅ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း မိုင်းဖြတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဦးစီးအရာရှိ(နည်းပညာ) ဒေါ်သီသီအောင်က ပြောပြ၍ သိရသည်။
မိုင်းဖြတ်မြို့နယ်အတွင်း Cash for Work စီမံကိန်းကို ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်တွင် မာမွန်ကြယ် ကျေးရွာအပါအဝင် ဟွေလုံဝမ်း၊ မဟီးကောင်၊ မိုင်းတင်း(ပေါ်/အောက်)၊ အင်ပါဟူ(အပေါ်/အောက်) ပါဆန်းဒေ့၊ ဟာကြားမုဒီ၊ နမ့်ဟွေလုံ စသည့် ကျေးရွာများတွင်လည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုစိုင်း(ကျေးလက်)


