အင်္ဂပူ ၇ စက်တင်ဘာ
ဧရာဝတီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် အင်္ဂပူမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလ စီးပွားရေး ပြန်လည်ကုစားမှု အစီအစဉ်အရ နိုင်ငံတော်အစိုးရမှ ငါးမွေးမြူရေး လုပ်ငန်းများ ပြန်လည်ဦးမော့လာစေရေးအတွက် ငါးမွေးတောင်သူများအား (ပထမအကြိမ်) ငါးသားပေါက်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အင်္ဂပူမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ငါးသားပေါက်များအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်ဗိုလ်ဇင်၊ ခရိုင်ငါးလုပ်ငန်းဦးစီးမှူး ဦးတင့်လွင်နှင့် တာဝန်ရှိသူများမှ အင်္ဂပူမြို့နယ်အတွင်းရှိ ငါးမွေးတောင်သူ (၁၉)ဦး၏ ငါးမွေးကန် ၇၅ ဒသမ ၈၁၆ ဧကအတွက်၊ တစ်ဧကလျှင် ငါးသားပေါက်ကောင်ရေ ၂၀ဝ၀ နှုန်းဖြင့် စုစုပေါင်းငါးမြစ်ချင်း သားပေါက်ကောင်ရေ (၁၅၁၆၃၂)ကောင်ကို ထောက်ပံ့ပေးအပ်ရာ ဒေသခံ ငါးမွေးတောင်သူများက လက်ခံရယူခဲ့သည်။
အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်ဗိုလ်ဇင်၊ ခရိုင်ငါးလုပ်ငန်း ဦးစီးဌာနမှူး ဦးတင့်လွင်၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသီဟ၊မြို့ နယ်ငါးလုပ်ငန်းဦးစီးမှူး ဒေါ်မော်မော်ဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဒေသခံ ငါးမွေးတောင်သူများ တက်ရောက်ခဲ့ကြောင်းနှင့် နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီစဉ် (CERP) အရ ငါးမွေးတောင်သူများအား ငါးသားပေါက်လုပ်ငန်းနှင့် ငါးမွေးမြူရေး လုပ်ငန်းများ ရပ်တန့်သွားခြင်းမရှိစေရန်၊ သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ငါးရိက္ခာ ဖူလုံမှု ရှိလာစေရန် ရည်ရွယ်၍ ယခုလို ပေးအပ်ထောက်ပံ့ရခြင်းဖြစ်ကြောင်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံးမှ သိရသည်။
မန်းကျော်(ပြန်/ဆက်)


