၇ စက်တင်ဘာ

 

ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ဖြစ်ပွားနေသည့် အချိန်ကာလတွင် ရခိုင်ပြည်နယ်နှင့် နိုင်ငံအဝန်း ရောဂါခံစားနေရသော Positive လူနာများနှင့် ၎င်းတို့ကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေကြသည့် ကျန်းမာရေးဝန်ထမ်းများအတွက် ကမ္ဘောဇဘဏ်မှ ရှမ်းပြည်နယ်၊ ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီသို့ ငွေကျပ် သိန်း (၂,၀၉၀) တန်ဖိုးရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်း (၆)မျိုး ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို အဆိုပါ ကော်မတီအစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပသည်။

 

ရှေးဦးစွာ ကမ္ဘောဇအုပ်စုမှ အကြီးတန်းအုပ်ချုပ်မှု ဒါရိုက်တာ ဦးညိုမြင့်က ကိုဗစ်-၁၉ ရောဂါကူးစက်မြန်ကာလတွင် ရခိုင်ပြည်နယ်အပါအဝင် နိုင်ငံအဝန်း ကူးစက်ခံလူနာများနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် လိုအပ်လျက်ရှိသော ကာကွယ်ကုသရေး အထောက်အကူပြုပစ္စည်းများ ထပ်မံလှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ကမ္ဘောဇဘဏ် နာယက ဦးအောင်ကိုဝင်းက ငွေကျပ်သိန်း (၂,၀၉၀) တန်ဖိုးရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသရေးအထောက်အကူပြုပစ္စည်း (၆)မျိုးကို ပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်တို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

ယနေ့ အခမ်းအနားတွင် ကမ္ဘောဇဘဏ်မှလှူဒါန်းသည့် ကာကွယ်ကုသရေး အထောက်အကူ ပစ္စည်းများမှာ ဆေးရုံသုံး Mask (၁၀)သိန်း၊ ခေါင်းစွပ် (၁)သိန်း၊ လက်အိတ် (၁)သိန်း၊ မျက်နှာအကာ Face Shield (၅,၀၀၀၀)၊ Hand Gel ဘူးကြီး (၅၀၀၀)နှင့် PPE ဝတ်စုံ (၁၀၀၀)တို့ဖြစ်ကြောင်း သိရသည်။

 

ပြည်နယ် (ပြန်/ဆက်)