နေပြည်တော် ၇ သြဂုတ်

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန CERP လုပ်ငန်းစီမံကိန်းများ၏ ဆောင်ရွက်နိုင်မှုနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက နေပြည်တော်ရှိ ရုံးအမှတ်(၁၅) ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ဒုတိယဝန်ကြီး ဦးလှကျော်၊ အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှုသက်သာရေး စီမံချက်" (CERP) အရ လယ်ယာသားငါး ကုန်ထုတ်လုပ်မှု မထိခိုက်စေရေးနှင့် ကျေးလက်နေ ပြည်သူများအား ထောက်ပံ့အကူအညီပေးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့မှုများနှင့်  ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် စားနပ်ရိက္ခာနှင့် အာဟာရ ဖူလုံရေးလုပ်ငန်းများအပြင် လက်ရှိကြုံတွေ့နေရသည့် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကြောင့် လယ်ယာကုန်ထုတ်လုပ်မှု လျော့ကျခြင်း မဖြစ်ပေါ်စေရန်နှင့် တောင်သူလယ်သမားများ အပါအဝင် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ ထိခိုက်ခံရမှု သက်သာစေရန် အလေးထား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည့်နည်းတူ ဆက်လက်ဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်းစဉ်များတွင်လည်း ကောင်းမွန် ပြည့်စုံစွာဆောင်ရွက်နိုင်‌ရေး ဝိုင်းဝန်းကြိုးပမ်းကြရန် ကိစ္စရပ်များ၊  မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း(MSDP) နှင့် ချိတ်ဆက်၍ စားနပ်ရိက္ခာဖူလုံရေး၊ သိုလှောင်ရေးနှင့် ပြည်ပသို့တင်ပို့ရေး အစီအမံများပါဝင်သည့် Master Plan ရေးဆွဲရေးတို့ကို ဌာနအားလုံး ပူးပေါင်းပါဝင်ကြရန် ကိစ္စရပ်များကို ပြောကြားသည်။  

 

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပွားသည့် စီးပွားရေးအကျပ်အတည်းများမှ အမြန်ဆုံး ရုန်းထွက်နိုင်ရေးအတွက် ကာလတိုစီမံချက်ဖြစ်သည့် ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက်" (CERP) တွင် စိုက်ပျိုး မွေးမြူထုတ်လုပ်မှု မလျော့ကျစေရေး လုပ်ငန်းများအဖြစ် (CERP-၂.၁.၇(ခ))အရ စပါးမျိုးစေ့ ထုတ်လုပ်ငန်း ဧက(တစ်သိန်း)အတွက် ငွေကျပ်သန်း(၁၄၉၁၁ ဒဿမ ၃၃) ဖြင့်လည်းကောင်း၊ ကျေးရွာ မ,တည် ရန်ပုံငွေ စီမံကိန်းကို ကျေးရွာ(၁၇၀ဝ)အတွက် ငွေကျပ်သန်း(၄၂,ဝ၀ဝ) ဖြင့်လည်းကောင်း၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်သော မျိုးငါးနှင့် ငါးသားပေါက်များ ဖြန့်ဖြူးခြင်းကို ငါးမွေးကန်ဧက (၁၅၀,ဝ၀ဝ)အတွက် ငွေကျပ်သန်း (၆,ဝ၀ဝ)ဖြင့်လည်းကောင်း၊ လယ်ယာသုံး စက်ကိရိယာဖြန့်ဖြူးခြင်း လုပ်ငန်းအတွက် ငွေကျပ်သန်း (၁၂၅၆ ဒသမ ၈၅) ဖြင့် လည်းကောင်း၊ ဝင်ငွေရရှိစေမည့် အလုပ်အကိုင်အခွင့်အလမ်းများနှင့် ပတ်သက်၍ Cash For Work(CFW) စီမံကိန်းကို ကျေးရွာ (၂၄၈၈)ရွာအတွက် ငွေကျပ်သန်း (၂၅,ဝ၀ဝ) ဖြင့် လည်းကောင်း၊ မြို့နယ်(၁၀ဝ)၌ ငွေကျပ်သန်း (၁,၄၄၀) အသုံးပြု၍ မွေးမြူထုတ်လုပ်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပြန်လည်ဖော်ဆောင်ခြင်းလုပ်ငန်းများကို လည်းကောင်း၊ ငွေကျပ်သန်း (၆၀ ဒသမ ၇၇) အသုံးပြု၍ ရေလုပ်သားများ ပင်လယ်ပြင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့်လုံခြုံရေး သင်တန်းများကိုလည်းကောင်း၊ လက်တံမြောင်း၊ လက်ခွဲမြောင်း၊ ရေနုတ်မြောင်းများ၊ ရေငန်တားတာများ ပြုပြင်ခြင်းအတွက် ငွေကျပ်သန်း (၁၁၃၈ ဒသမ ၈၁) ဖြင့်လည်းကောင်း၊ လယ်ယာဝန်‌‌ဆောင်မှု လုပ်ငန်းများအတွက် ငွေကျပ်သန်း (၂၀၄)ဖြင့် လည်းကောင်း၊ ငွေကျပ်သန်း (၆၀ဝ ဒသမ ၂၁) အသုံးပြု၍ သင်တန်းသား (၉၀ဝ၀)အတွက် အလုပ်အကိုင်ဆိုင်ရာ သင်တန်းများ Cash For Job Training သင်တန်း အကြိမ်ရေ (၃၀ဝ) ကိုလည်းကောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဆောင်ရွက်ခဲ့ရာ၌ လုပ်သားခများကို အဓိကထား၍ ဝင်ငွေရရှိရေးလုပ်ငန်းများအား ဦးစားပေးဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ပြည်တွင်းပြည်ပ ဈေးကွက်အသီးသီးသို့ ကုန်စည်စီးဆင်းမှုများ သွက်လက် ချောမွေ့စေရေးအတွက် သက်ဆိုင်ရာ ဒေသအုပ်ချုပ်မှုအဖွဲ့အစည်းများ၊ ဆက်စပ်ဝန်ကြီးဌာန များနှင့်အတူ ပေါင်းစပ်ကူညီ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ပြည်ပတင်ပို့မှုနှင့် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများတွင် လယ်ယာသားငါးထွက်ကုန်များ၏ အရည်အသွေးစစ်ဆေးခြင်း၊ ထောက်ခံချက် လက်မှတ် ထုတ်ပေးခြင်းများကို အချိန်နှင့်တပြေးညီဖြစ်စေရန် ဆောင်ရွက်‌ပေးနိုင်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်