မကွေး   ၇   စက်တင်ဘာ

 

Stay at Home သတ်မှတ်ထားသောနေရာများမှ မကွေးတိုင်းဒေသကြီးအတွင်းသို့ ရောက်ရှိလာပါက ၂၁ ရက် Quarantine ဝင်ရမည်ဖြစ်ပြီး မိမိစရိတ်ဖြင့် ဆေးစစ်ရမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေး နှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီက သိရသည်။

 

အဆိုပါကိစ္စအား စက်တင်ဘာ ၇ ရက် နေ့စွဲဖြင့် တိုင်းအဆင့်ဌာနဆိုင်ရာအားလုံးနှင့် ခရိုင်(၅)ခုမု အုပ်ချုပ်ရေး မှူးများအားလုံးကို ကော်မတီက ညွှန်ကြားထားပြီးဖြစ်ကာ စက်တင်ဘာ ၈ ရက်နေ့မှစ၍ အသက်ဝင် လုပ်ဆောင်သွားမည် ဖြစ်သည်။

 

“ ဆေးစစ်ခ နှုန်းထားတွေကတော့ နေပြည်တော်မှာ လုပ်ဆောင်နေတဲ့နှုန်းတွေကို ကိုးကားပြီး လုပ်ဆောင် သွားဖို့ရှိပါတယ်။ အတိအကျ ညွှန်ကြားထားတာမျိုးတော့ မရှိသေးပါဘူး။ Facility Quarantine တွေမှာလည်း ကျန်းမာရေး ဝန်ထမ်းတွေ တာဝန်ချပေးထားပြီး ကျန်းမာရေးစစ်ဆေးတာ စောင့်ကြည့်တာတွေ လုပ်ဆောင်နေပါတယ် ” ဟု မကွေးတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်း က ပြောသည်။

 

Stay at Home သတ်မှတ်ထားသော နေရာများမှ မကွေးတိုင်းဒေသကြီးအတွင်းသို့ ရောက်ရှိလာပါက Community Based Facility Quarantine  တွင် ၁၄ ရက်နေထိုင်ရမည်ဖြစ်ပြီး ဓါတ်ခွဲနမူနာ နှစ်ကြိမ်စစ်ဆေးမည်ဖြစ်ကြောင်း၊ ရောဂါ ပိုးမတွေ့ပါက Home Quarantine (သို့မဟုတ်) Community Based Facility Quarantine တွင် ၇ ရက် ထပ်မံနေထိုင်ပြီးမှ တိုင်းအတွင်းသွားလာခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။  

           

တိုင်းအစိုးရ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ရန် လုပ်ငန်းရှိနေသည့် အဖွဲ့အစည်းများ၊ မြို့နယ်ပြင်ပသို့ သွားလာရန် ခွင့်ပြုချက် ရရှိထားသည့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ကုမ္ပဏီဝန်ထမ်းများအနေဖြင့် Community Based Facility Quarantine တွင် (၇) ရက်နေထိုင်ရမည်ဖြစ်ပြီး ဓါတ်ခွဲနမူနာ နှစ်ကြိမ်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

 

အစိုးရရုံး လုပ်ငန်းများနှင့်ပတ်သက်ပြီး တိုင်းအစိုးရအဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်ရေး လာရောက်ရန် အကြောင်းကြားစာ ရရှိထားသူများအပ ဓာတ်ခွဲစစ်ဆေးကုန်ကျစရိတ်များကို ကာယကံရှင်များက ကျခံရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်/ ရပ်ကွက်/ ကျေးရွာများသို့ သွားလာမည်ဆိုပါက တာဝန်ရှိ စစ်ဆေးသူက  ဒေသဆိုင်ရာ ထောက်ခံချက် တောင်းခံပါက တင်ပြရန်၊ သံသယဖြစ်ဖွယ် လက္ခဏာတွေ့ရှိပါက ဆေးကုသမှုခံယူရန် လိုအပ်ကြောင်း သိရသည်။

           

မည်သည့် ဒေသသို့ သွားရောက်ခဲ့ကြောင်း တင်ပြရန် ငြင်းဆိုသူများ၊ နေရပ်လိပ်စာ လိမ်လည်ဖော်ပြသူများ၊ မမှန်မကန် ဖြေကြားခြင်း၊ စစ်ဆေးမှုကို ကြည်ဖြူစွာ ပူးပေါင်းဆောင်ရွက်ခြင်း မရှိသူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ-၂၅ အရ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဇေယျတု(မကွေး)