စစ်တွေ   ၇   စက်တင်ဘာ

 

ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးအတွက် ပြည်နယ်အတွင်း မြို့နယ်များရှိ Stay at Home ကာလ ပုံမှန်ဝင်ငွေမရှိသော ပြည်သူများအတွက် ငွေကျပ် ၁ ဒသမ ၈၁၈ ဘီလီယံ တန်ဖိုးရှိ ဆန်ရိက္ခာများကို ထေက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။

 

ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease- 2019 (COVID-19) ရောဂါပိုး အတည်ပြုလူနာများ တွေ့ရှိလာရသည့်အတွက် ရောဂါကူးစက်ပျံ့နှံ့မှု ကာကွယ်၊ ထိန်းချုပ် တုံ့ပြန် ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်အတွင်းရှိ မြို့နယ်များအား Stay at Home အစီအစဉ်တွင် အကျုံးဝင်ကြောင်း သတ်မှတ်ကြေညာခဲ့ပြီး ဖြစ်သည်။ သို့ဖြစ်ပါ၍  ရခိုင်ပြည်နယ်မှ မြို့နယ်အားလုံးအား Stay at Home သတ်မှတ်ထားပြီးဖြစ်သဖြင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ   ငွေကျပ် ၁ ဒသမ ၈၁၈ ဘီလီယံအား အသုံးပြုကာ ပြည်နယ်အတွင်း မြို့နယ်များရှိ အခြေခံအိမ်ထောင်စု ၃၀၃၀၆၃ စုအတွက် စားသောက်ရေး အထောက်အကူဖြစ်စေရန်   အိမ်ထောင်စု တစ်စုလျှင် ဆန်ခြောက်ပြည်နှုန်း ဝယ်ယူရန် ငွေများကို ထောက်ပံ့ပေးလျက်ရှိသည်။ ထို့သို့ ထောက်ပံ့ရာတွင် စစ်တွေမြို့ရှိ အခြေခံအိမ်ထောင်စုများအတွက် တစ်အိမ်ထောင်လျင် ဆန်ခြောက်ပြည်နှုန်းဖြင့် ဆန်‌ထောက်ပံ့ခြင်းကို စက်တင်ဘာ ၅ ရက်နေ့မှစတင်ပြီး ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများက အိမ်တိုင်ရာရောက် ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

 

ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် Covid-19 ရောဂါ ထိန်းချုပ်ရေးအတွက် စစ်တွေမြို့နယ်အတွင်း Stay at Home ကာလ ပုံမှန်ဝင်ငွေမရှိသော အခြေခံပြည်သူ အိမ်ထောင်စု (၂၉၉၀၇) စုအတွက် အိမ်ထောင်စု တစ်စုလျင် ငွေကျပ် ၂၀၀၀ဝ နှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၅၉၈,၁၄၀,၀၀ဝ (ကျပ်ငါးထောင် ကိုးရာ ရှစ်ဆယ်တစ်သိန်း လေးသောင်းတိတိ) အား ဩဂုတ် ၂၅ ရက်နေ့က ထောက်ပံ့ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

 

တင်ထွန်း(ပြန်/ဆက်)